Breaking
Ad
Ad
Ad
Category

Opinion

Category

“ လတ်တလောအဆင်မပြေမှုဆိုတာ နောင်တချိန်မှာ ပြန်ပြောတိုင်း ရယ်မောစရာတစ်ခုပါ ”

**********************************

ဒုတိယအကြိမ် လွှတ်တော် အသီးသီး ရဲ့ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မေလ (၁၈) ရက်နေ့မှာ စတင်ကျင်းပဖို့ ကြေညာချက် ကို ဧပြီလ (၂၆) ရက် ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် နာယက က လက်မှတ်ရေးထိုး ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

ဒီလို နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ (ကိုဗစ် ၁၉) ကို အပြင်းအထန် ခုခံရင်ဆိုင်နေရချိန် ၊ ငါးယောက် ထက်ပိုပြီး မစုဝေးပါနဲ့ ၊ မလွှဲမရှောင်သာ တွေ့ဆုံရာ အနည်းဆုံး ခြောက်ပေ အကွာအဝေးမှာနေပါ လို့ ပန်ကြားထားရတဲ့အချိန်မျိုးမှာ ဒီလို လူစုလူဝေးလုပ်ရမဲ့ လွှတ်တော်တွေကို ပြန်ခေါ် တော့ မယ် ဆိုတော့ ဝေဖန်သံ တွေလဲ စီစီညံညံထွက်လာပါတယ် ။ ဒီအချိန်မှာ လွှတ်တော်က မခေါ်လို့ မဖြစ်ဘူး လား ဆိုတာ မျိုးပေါ့ ။

ဟုတ်ပါတယ် ။ ဒီလွှတ်တော်အစည်းအဝေးက ဒီကြေညာချက်ထုတ်ပြန်တဲ့ နောက်နေ့ ဧပြီ (၂၇) က တည်းက ခေါ်ယူဖို့ စီစဉ်ထားပြီး ဖြစ်ပေမဲ့ ကိုဗစ် ၁၉ ကြောင့် ရွှေ့ဆိုင်းထားခဲ့ရပြီး ယခု အချိန်မှာ ထပ်မံရွှေ့ဆိုင်းဖို့ မဖြစ်နိုင်တော့တာ ကြောင့် မဖြစ်မနေ ခေါ်ရတဲ့ လွှတ်တော်တွေပါ ။

အဓိက အကြောင်း ကတော့ ဒီလွှတ်တော်မှာ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း ကို အတည်ပြုပေးဖို့ပါ …..တဲ့ ။

ဒီဥပဒေကြမ်းဟာ ဘယ်လောက်အရေးကြီးသလဲ ။ အချိန်မီ အတည်ပြု မပေး နိုင်ရင် နိုင်ငံတော်ရဲ့ ယန္တရားတွေ အသီးသီးဟာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာလဲ လွှတ်တော်ကိုယ်စားလှယ်များက ပိုပြီးနားလည်ကြမှာဖြစ်ပါတယ် ။

အဲဒီလို မလွှဲမရှောင်သာတဲ့အရေးမို့ လွှတ်တော်များကို ပြန်လည်ခေါ်ယူရပေမဲ့ တဖက်မှာကလည်း အင်မတန်ကြီးမားလှတဲ့ ကိုဗစ် ၁၉ ရဲ့ အန္တရာယ်ကလည်းရှိနေပါတယ် ။ မကြာမကြာ စနစ်တကျ လက်ဆေးပါ ၊ အများပြည်သူ တို့ ဖြစ်နိုင်သမျှ အိမ်မှာပဲနေပါ ၊ မဖြစ်မနေသွားလာရတဲ့အခါ ဘယ် သွားသွား ဘယ်လာလာ မျက်နှာဖုံး (mask) တပ်ဆင်ပါ လို့ ပန်ကြားနေရတဲ့အချိန်မျိုးမှာ လွှတ်တော်ကိုလာရောက်ကြမဲ့ ကိုယ်စားလှယ် များ အတွက်လည်း ကျန်းမာရေး အစီအမံတွေကို ကြိုတင်စီမံဖို့ ၊ အထူးကြတ်မတ်ဆောင်ရွက်ဖို့ လိုအပ် လာပါ တယ် ။ ဒါကြောင့်လဲ ယခင်က ရောက်ရှိကြောင်းစာရင်းပေးသွင်းဖို့ နှစ်ရက်လောက်သာ ကြိုတင် လာ ရောက်ဖို့ ထည့်သွင်းကြေညာပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရခြင်းရှိ/မရှိ ကိုကြိုတင် စစ်ဆေးဖို့ အတွက်ပါ (၈) ရက် ကြိုတင်လာရောက်ဖို့ အသိပေးအကြောင်းကြားထားကြောင်းကိုလည်း သိရပါ တယ် ။

ဒီနေရာမှာ ချစ်ခင်စွာဖြင့် စကားလေးတစ်ခွန်းပြောစရာရှိလာပါတယ် ။

ဒီတစ်ကြိမ် လွှတ်တော်တက်ဖို့ နေပြည်တော်ကိုလာရောက်ကြမဲ့ ကိုယ်စားလှယ်များအနေနဲ့ မိသားစု ၊ အဖော် ခေါ်ဆောင်မလာဖို့ ပန်ကြားချက်တစ်ချက်ပါရှိလာပါတယ် ။ အဲဒီအချက်အပေါ်မှာ ကိုယ်နဲ့သိကျွမ်းသော ခင်မင်ရသော မိတ်ဆွေကိုယ်စားလှယ်များ ၊ ကိုယ်နဲ့ အကျွမ်းတဝင်မရှိပေမဲ့ တွေ့ဖူးဆုံဖူး သိကျွမ်းဖူးသော အပြန် အလှန်လေးစားရသော ကိုယ်စားလှယ်များ အနေနဲ့ ဒီအချက်အပေါ် စိတ်ထဲ ခိုးလို့ခုလု မဖြစ်ကြစေချင်လို့ ဒီစာကို ရေးဖြစ်တာပါ ။

ခါတိုင်း ခါတိုင်း လွှတ်တော်ကာလတွေမှာ စည်ပင်ရိပ်သာမှာ နေထိုင်ပြီး လွှတ်တော်တက်ကြရတဲ့ လွှတ် တော် ကိုယ်စားလှယ်အများစုဟာ ဇနီး ခင်ပွန်း ၊ မိသားစု သို့မဟုတ် အကူအညီ အဖော်အလှော် ခေါ်လာ ကြ ပါတယ် ။ ဒါကလည်း လနဲ့ချီပြီး မိသားစုနဲ့ ခွဲ နေကြရမဲ့ သူတွေဘက်က ကိုယ်ချင်းစာပါတယ် ။ ပြီးတော့ ကိုယ့် ရဲ့ လွှတ်တော်ရေးရာကိစ္စတွေ ၊ စာရွက်စာတမ်း အထောက် အထား ၊ အချက်အလက်တွေကို ကူညီ ဆောင်ရွက် ပေးဖို့ကလည်း အကူအညီလိုတယ် ။ လွှတ်တော် အရေးအရာ အလုပ်တွေက တဖက်နဲ့ အလုပ်များချိန်မှာ ကိုယ် တိုင် ချက်ပြုတ်စားသောက်ရဖို့ကလည်း သိပ်မလွယ်လှတော့ ချက်ပြုတ်ကျွေးမွေးမဲ့ အကူအညီကလည်း လိုတာ ပေါ့ ။ ကိုယ်ချင်းစာပါတယ် ။

ဒါပေမဲ့ ဒီလွှတ်တော်ရဲ့ ကျန်းမာရေး လုံခြုံမှုဆောင်ရွက်ကြရမဲ့သူတွေ ဘက်ကပြန်ကြည့်ရအောင်ပါ ။ လွှတ်တော်တက်ဖို့ ရောက်လာမဲ့ ကိုယ်စားလှယ်တွေကို ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရခြင်းရှိမရှိ (SWAB) ယူပြီး ဓာတ်ခွဲ စစ်ဆေး ရပါမယ် ။ (အဲဒီအတွက် ၈ ရက်ကြိုတင်ခေါ်ယူတာပါ) ။ အကယ်၍ တစ်ယောက်ယောက်မှာ ပိုးတွေ့ရှိရင် အဲဒီ လူကို ကိုဗစ်၁၉ ကြပ်မတ်ကုသရေးဌာနကို တန်းပို့ရမှာပါ ။
အဲဒီလို ကျန်းမာရေး စစ်ဆေးပေးရမဲ့ လွှတ်တော် ကိုယ်စားလှယ် အရေအတွက်ကို စဉ်းစား တွက် ချက်ကြည့်ပါ ။ လွှတ်တော်ဝန်ထမ်းတွေကိုလည်း စစ်ဆေးဖို့လိုအပ်မှာပါ ။ အဲဒီအတွက် ကုန်ကျစာရိတ်တွေ ဘယ်လောက် များမလဲ ၊ အဲဒီအတွက် အလုပ်ဘယ်လောက်များမလဲ စဉ်းစားကြည့်ပါ ။

အဲဒီမှာမှ ကိုယ်စားလှယ်တစ်ယောက်ဟာ (မိသားစုဝင် သို့မဟုတ် အကူအညီ) အဖော်တစ်ယောက် ခေါ် လာမယ် ဆိုပါစို့ ။ သူ့ကိုရော (SWAB) ယူပြီး ဓာတ်ခွဲ စစ်ဆေးဖို့လိုမယ်မဟုတ်ဘူးလား ။ လွှတ်တော် တက်မဲ့ ကိုယ်စားလှယ်ကိုတော့ စစ်ဆေးပြီး ၊ အဲဒီကိုယ်စားလှယ်နဲ့ ဆယ်ပေလောက်သာကျယ်တဲ့ စည်ပင်ရိပ်သာ အခန်း မှာ အတူတူနေမဲ့ အဖော်ကိုတော့ မစစ်ဆေးဘဲ ထားလို့ ရပါ့မလား ။
ကိုယ်စားလှယ် တွေကိုတော့ (SWAB) စစ်ဆေးမယ် ။ အဲဒီအဖော်တွေကို (SWAB) မယူ ၊ ဓာတ်ခွဲ မစစ်ဆေးဘူးဆိုရင် လက်ဆေးပါ ဆိုလို့ဆေးတယ် ပြီးတော့ ခေါင်း ကုတ်တယ် ၊ ဆံပင်သပ်တယ် ၊ လုံချည်နဲ့ သုတ်တယ် ၊ ပြီးတော့ မျက်လုံးပွတ် နှာခေါင်းပွတ် ဆိုတာမျိုး ဖြစ်မနေပေဘူးလား ။

ပါလာတဲ့အဖော်တွေကို (SWAB) ယူပြီး ဓာတ်ခွဲ စစ်ဆေး မယ်ဆိုရင်ကော ဘယ်လိုဖြစ်မလဲ ။ ကိုယ်စား လှယ် တစ်ယောက် ကို အဖော်တစ်ယောက်ပါရင်တောင်မှ ကိုယ်စားလှယ်အရေအတွက်နဲ့ ဆတူ အရေအတွက် ရှိတဲ့သူတွေကို (SWAB) ယူပြီး ဓာတ်ခွဲ စစ်ဆေးရင် ကုန်ကျစာရိတ်ဘယ်လောက်များမလဲ ။ ဓာတ်ခွဲစစ်ဆေးရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ဘယ်လောက်များမလဲ ။ အများပြည်သူတွေအတွက် စစ်ဆေးရမဲ့အထဲက ဘာ တွေကို ဖဲ့ယူသလိုဖြစ်မလဲ ။ ဒါလေးတွေကို ထည့်စဉ်းစားပေးကြရမှာပါ ။

ကိုယ်စားလှယ်ဆိုတာ ပြည်သူတို့အကျိုး နိုင်ငံရဲ့အကျိုးကို ဦးထိပ်ရွက်ကြရမဲ့သူတွေပါ ။ မပြည့်စုံတဲ့ မချမ်းသာတဲ့နိုင်ငံတစ်ခုရဲ့ ကိုယ်စားလှယ်တွေဆိုတာ လွင်တီးခေါင် နေပူပြင်မှာ ပြည်သူတွေအရိပ်ရဖို့ ကိုယ့်ခန္ဓာ ကိုယ်နဲ့ နေကာပေးရမဲ့သူတွေပါ ၊ မိုးရွာရင် ပြည်သူတွေ မိုးစက်မိုးပေါက်တွေ တတ်နိုင်သမျှ သက်သာစေဖို့ ကိုယ့်ခန္ဓာ ကိုယ်နဲ့ မိုးကာနိုင်သမျှကာပေးရမဲ့သူတွေပါ ။ စားစရာမလုံလောက်ရင် ပြည်သူကိုတစ်လုပ်ပိုကျွေးပြီး ကိုယ်ကရေသောက်ပြီး ဗိုက်ဖြည့်ရမဲ့သူတွေပါ ။ ကျန်းမာရေးအတွက် အသက်လုရတော့မယ်ဆိုရင် ပြည်သူကို အရင်ကုသ မှု ပေးစေပြီး ကိုယ်က လိုအပ်ရင်အသက်စွန့်ရမဲ့သူတွေပါ ။ တချို့တွေဟာဆိုရင် တကယ်လဲ စွန့်ခဲ့ကြ ဖူးသူ တွေဆိုတာ မှတ်ကျောက်တင်ထားပြီးသားပါ ။

အခုလို အရေးကြီးလှတဲ့အချိန်ကာလမှာဖြင့် ချစ်ရခင်ရ ၊ လေးစား ရသော ပြည်သူ့ကိုယ်စားလှယ်များကို မေတ္တာ ရပ်ခံပန်ကြားချင်တာက အခု လွှတ်တော် အစည်းအဝေးကာလကလေး မှာ မိသားစု ဝင်တွေကို ခေါ် မလာရ လို့ အိမ်ကိုလွမ်းရင် ဖုန်း ဆက်ပြီးအလွမ်းဖြေလိုက်ကြပါ ၊ ဗီဒီယိုကောလ်တွေ မက်ဆင်ဂျာ ကောလ်တွေ နဲ့ အလွမ်းဖြေကြပါ ။ လွှတ်တော်အလုပ် ၊ စာရွက်စာတမ်းအလုပ်တွေကိုလည်း ကိုယ့်ကိုယ်ကို မှန်ထဲမှာ ကြည့်ပြီး ခိုင်းလိုက်ပါ ။ ချက်ပြုတ်ကျွေးမဲ့သူမပါလာလို့ စားရသောက်ရအဆင်မပြေရင်လဲ ပြည်သူ့အတွက်ပဲလို့ သည်းခံပြီး ကိုယ်တိုင် ကြက်ဥ ကြော် ၊ ကြက်ဥပြုတ် ၊ ခေါက်ဆွဲပြုတ် ၊ ထမင်းဆီဆမ်း ပဲခြမ်းသုတ် ၊ လဘက်သုတ် စတာ တွေနဲ့ လက်စွမ်းပြပြီး လည်ချောင်းကို မြေလှန်စုံကန် လို့ သွင်းလိုက်ကြစမ်းပါ ။ အဝတ်လျှော်တာ လောက် ကတော့ ရေချိုးရင်းနဲ့ ဇလုံထဲထည့် ဆပ်ပြာဆီလေး နည်း နည်းနဲ့ ဟိုပွတ်ဒီပွတ်လုပ်ပြီး သည်းခံလျှော်ဖွတ်လိုက်ပါ ။ မီးပူမထိုးတတ်ရင်လဲ အင်္ကျီ လုံခြည်လေး တွေကို ခေါက်ပြီး မွေ့ယာအောက်မှာ ဖိအိပ်လိုက်ပါ ။ ကိုယ်တွေ အဆောင်နေ ကျောင်းသား ဘဝတုံးကလိုပေါ့ ။ စာရေးတဲ့ကိုယ်စားလှယ်တွေဆိုရင် “ကိုဗစ်၁၉ကာလ လွှတ်တော် ကိုယ်စား လှယ်တစ်ယောက်ရဲ့ နေ့စဉ်မှတ်တမ်း” တို့ ဘာတို့တောင် စာတွေရေးလို့ရပါသေး ။

လတ်တလောအဆင်မပြေမှုဆိုတာ နောင်တချိန်မှာ ပြန်ပြောတိုင်း ရယ်မောစရာဟာသတစ်ခုပါ ။ အခု လောလောဆယ်တော့ မိတ်ဆွေကိုယ်စားလှယ်များအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်ချင်းစာပြီး ၊ ပြည် သူတွေရဲ့ မျက်နှာ နိုင်ငံတော်ရဲ့မျက်နှာကိုကြည့်ပြီး ဒီလွှတ်တော်ကာလလေးမှာ နည်းနည်းပါးပါး အစား အသောက် အနေအထိုင် အလုပ်အကိုင် အဆင်မပြေဖြစ်မှာလေးကို ကြည်ကြည် ဖြူဖြူ သည်းခံ လိုက်ကြ မယ်လို့ ယုံကြည်ပါတယ် ။

ပြည်ပက ပြန်လာတဲ့သူတွေတောင်မှ အဖော်မပါ ဘာမပါနဲ့ ၂၁ ရက်တောင် ကွာရန်တင်း နေရသေးတာပဲ လို့ စိတ်ကိုဖြေသိမ့်လိုက်ကြတာပေါ့ …… နော်ဗျာ ။

ကိုယ်စားလှယ်များ (SWAB) စစ်ဆေးမှုမှာ အနှုတ် (Negative) ပြနိုင်ကြပါစေ ။ ။

ထင်လင်းဦး (Wisdom Villa)
၄.၅.၂၀၂၀

“ သူတို့ကို တန်ဖိုးထား လေးစားပေးကြပါ ” ………………………………………………………… We Love Yangon စေတနာ့ဝန်ထမ်းတွေဟာ အိမ်မှာပဲနေကြပါဆိုတဲ့ မေတ္တာရပ်ခံချက်ကို လိုက်နာကြတဲ့ ပြည်သူတွေဆီကို ဆန်၊ ဆီ ၊ပဲ စတဲ့ စားနပ်…

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနဲ့ နှာခေါင်းစည်းပြတ်လပ်မှုပြဿနာ_______________________________________________ပြီးခဲ့တဲ့လက နယူးယောက်မြို့မှာ ရှိတဲ့ အွန်လိုင်းစတိုးတစ်ခုရဲ့ တံခါး ပေါက်မှာ “နှစ်ကူး ဒုတိယနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ဝယ်သူတိုင်းကို နှာခေါင်းစည်းတစ်ခု လက်ဆောင်ပေး ပါမယ်”လို့ ရေးထားတာ တွေ့ရပါ တယ်။ ဒီကမ်းလှမ်းမှုက ဘရွတ်ကလင်း…

ဒီလမ်းပေါ်မှာဒန်ပေါက်အလကားမကျွေးပါ ================================= ပြီးခဲ့တဲ့ရုံးပိတ်ရက် တနင်္ဂနွေနေ့ က ရွှေတိဂုံဘုရားကို သွားခဲ့ပါတယ်။ မှတ်မှတ်ရရ ဖေဖော်ဝါရီလ ၉ ရက်နေ့။ အပြန်ကျတော့ မြို့ထဲကိုသွားစရာကိစ်္စ ရှိတာကြောင့် ဗဟန်း ၃ လမ်းမှတ်တိုင် ကနေ့ြှ စီးမယ်ဆိုတဲ့…

မြက်ရှစ်ထုံး၊မင်းသားတစ်ယောက်နဲ့ဆူးပေါက်================================== ဟိုးရှေးရှေးတုန်းကပေါ့ဗျာ။ ဟုတ်တယ်လေ ဘယ်ခေတ် ဘယ်အခါ ကမှန်း အသေအချာ မပြောနိုင်တော့ လည်း ဟိုးရှေးရှေးတုန်းကပဲ လုပ်ရ တော့မှာပေါ့။ တိုင်းပြည်မသိရင် ဗာရာ ဏသီ၊ မင်းဘုရင်ကို မသိရင် ဗြဟ်္မဒတ် ဆိုသလိုပဲ…

တွေးစရာများနဲ့ မေးစရာများ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါ တယ်။ အခြေခံအုတ်မြစ်မမှန်ရင် နိုင်ငံ တော် အဆောက်အအုံဟာ ပုံပျက်ပန်း ပျက် ရုပ်မထွက်ဖြစ်နေမှာပါ။ ဒီကနေ့ နိုင်ငံတော်မှာ တိုင်းရင်းသားညီအစ်ကို များအကြား ပြန်လည်ရင်ကြားစေ့နိုင်ဖို့ နဲ့…

ထိုင်းခရီးသွားလုပ်ငန်းကို ခြိမ်းခြောက်နေသည့် ဝူဟန်ဗိုင်းရပ်စ် ဘန်ကောက်မြို့ရှိ ယောဂခန်းမ တစ်ခုထဲသို့ တရုတ်သင်တန်းသားတစ် ယောက် တိတ်တဆိတ် ဝင်လာပြီး အခြားသူများနှင့် ခပ်ဝေးဝေးရှိ ဖျာများ ပေါ်တွင် ဝင်ထိုင်နေသည်။ အများသုံး ရထားပေါ်တွင်လည်း နှာခေါင်းစည်း တပ်ထားသည့်…

ဖေဇော်ဂျီ ဖိုးဝိဇ္ဖာ ငြိမ်းချမ်းရေး ဆေးဖော်ခန်း ““ဇော်ယောင် ဂျီယောင်..ဆေး ကြိတ်တဲ့တောင်…သင်ဇာသူ ယောင်..ချစ်တဲ့ လုအောင်”” ““အလိုလေး..ဖေဇော်ဂျီရယ်..သီချင်းတကြော်ကြော်နဲ့ အတင်းကို ပျော်နေပါရော့လားကွဲ”” ““အို..ဘယ်သူများမှတ်တယ်..လိပ်စာမရှိတဲ့ ဝိဇ်္ဇာငတိပါလား..ပျော် ပါတယ်ဗျ..ပျော်သဗျ..ပျော်ဆို လောကပါလ နတ်မင်းကြီးများက တာဝန်ကျရာ လူတို့ဌာနီ…

အခြေခံဥပဒေကို မပြင်ချင်တာဟာပြည်ထောင်စုပြိုကွဲမှာ စိုးရိမ်လို့ဆိုတာသေချာရဲ့လား (၁) ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုစနစ်နဲ့ ညီညွတ်ခြင်းမရှိ တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်နိုင်ဖို့အတွက် ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးပူးပေါင်းကော်မတီကို ဖွဲ့ စည်းဖို့အတွက်…

ငါ့မောင်လေးနဲ့ ကွက်တိ ““မလဲသာ လက်ပံကျဉ်းမှာ နတ်သမီးစိုက်တဲ့ ကွမ်းရွှေဝါ နုနုသာ သီမဆုံးတယ် ဘယ်ဘုန်းမှ မုန်းနိုင်မလွယ်”” ထိုကဗျာပါ အကြောင်းရင်းကို ရှင်းမပြမီ အစ်မကြီးသန်းမြင့်အောင် နှင့် ရင်းနှီးကျွမ်းဝင်မှု ဖြစ်ကြောင်း ကုန်စင်တို့ကို ရှင်းပြထားရမည်။…