Breaking
Ad
Ad
Ad
Author

edi tor

Browsing

ဒေသတွင်းငါး၊ပုစွန်၊ကဏန်းများ အရောင်းအဝယ် ရပ်ပစ်ရမည့်အထိရောင်းအားကျဆင်းနေ

ပုသိမ်၊ မေ ၂၆

Covid-19 ကပ်ရောဂါ သက်ရောက်မှုအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါး၊ ပုစွန်၊ ကဏန်းများ အရောင်းအဝယ်ကျဆင်းနေသဖြင့် ဒေသတွင်း လုပ်ငန်းရှင်များနှင့် ရေလုပ်သားများ လုပ်ငန်းရပ်ပစ်ရမည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။

''အခုပြည်ပကို တင်ပို့လို့ အဆင်မပြေတော့ ပြည်တွင်းစျေးကွက်မှာ အကြွေးစနစ်နဲ့ ရောင်းထားရတယ်။ ဆက်ပြီးတော့ လနဲ့ချီပြီး ဒီလိုဖြစ်နေဦးမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ လုပ်ငန်းကို ရပ်ပစ်ရတော့မယ်။ ပြည်တွင်းမှာလည်း အလုပ်လက်မဲ့ဦးရေများလာတော့ ဝယ်စားမယ့်သူက မရှိတော့ဘူး။ ပိုက်ဆံမရှိရင်တော့ ဘယ်သူမှ ဝယ်စားတော့မှာ မဟုတ်ဘူး။ တရုတ်နိုင်ငံကို အဓိကတင်ပို့တာ Covid-19 ဖြစ်ပွားနေတော့ စျေးကွက်က ပိတ်ကို ပိတ်ထားတာ။''ဟု ဖျာပုံမြို့မှ ဒို့မိတ်ဆွေ ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးဝင်းအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ရေထွက်ကုန်များဖြစ်သည့် ကဏန်း၊ ပုစွန်၊ ငါးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး Covid-19 ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှ လက်ရှိအချိန်အထိ တရုတ်မှ အဝယ် မရှိတော့သဖြင့် မတင်ပို့ရသည့်အတွက် ပြည်တွင်း၌သာ ဖြန့်ဖြူရောင်းချနေရပြီး အများစုမှာ ဝယ်ယူစားသုံးခြင်း မရှိသဖြင့် ရောင်းလိုအား ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ရကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်း ရေလုပ်ငန်းကုမ္ပဏီများနှင့် တစ်နိုင် တစ်ပိုင် လုပ်ကိုင်သူ ၃၅၀ ဦး ရှိပြီး ငါး၊ ပုစွန်နှင့် ကဏန်းများကို ယခင်က ပြည်ပသို့ ၅၀ ရာခိုင်နှုန်းတင်ပို့ပြီး ပြည်တွင်းမှာ ၅၀ ရာခိုင်နှုန်း ရောင်းချခဲ့ကာ ယခုအခါ ပြည်ပကို တင်ပို့နိုင်ခြင်း မရှိသည့်အပြင် ပြည်တွင်း၌လည်း ကုန်တင်ပို့ရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သိသိသာသာရောင်းလိုအား ကျဆင်းလာနေကြောင်း သိရသည်။

''Covid-19 ကပ်ရောဂါရဲ့ သက်ရောက်မှုက ရေလုပ်ငန်း လုပ်ကိုင်သူ ပြည်သူတွေကို တော်တော် အခက်တွေ့ စေတယ်။ လက်ရှိအချိန်မှာ ရေလုပ်ငန်း လုပ်ကိုင်သူ အားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ရောဂါ အရေးပေါ် ကာလကျော်လွန်ရင်တော့ ရေလုပ်ငန်းတွေ ပြန်လည်တိုးတက်လာဖို့ရှိတယ်။ ပုသိမ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးနိုင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် Covid-19 မဖြစ်ပွားချိန် ရေလုပ်ငန်းများ ပုံမှန်လည်ပတ်ချိန်က ရေလုပ်သားများ နေ့စဉ် တစ်ရက်ကို ကျပ် ၁၅၀၀၀ မှ ၂၅၀၀၀ ဝင်ငွေရှိကာ လက်ရှိ တစ်ရက်လျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်သာ ဝင်ငွေရရှိတော့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်၊ ဖျာပုံ၊ လပွတ္တာစသည့် ဒေသများရှိ ကမ်းခြေ၊ အင်း၊ အိုင်၊ ချောင်း၊ မြစ်များထဲတွင် ငါး၊ ပုစွန်၊ ကဏန်းများ အများဆုံး ဖမ်းဆီးရမိပြီး ပြည်တွင်းရန်ကုန်စျေးကွက်နှင့် မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

#ကျော်ကျော်

ဧရာဝတီတိုင်းအတွင်းရှိ ရေယာဉ်များ 'အမ်ဖန်' စူပါ ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကို ရှောင်ရှားရန် တိုင်းအစိုးရမှ သတိပေ

ပုသိမ် ၊ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ ခရီးသည်တင်ရေယာဉ်များ၊ ကုန်တင် ရေယာဉ်ပြေးဆွဲသူများအနေဖြင့် အမ်ဖန် စူပါဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ အထူးအလေးထား သတိပြု ရှောင်ရှားရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတိပေးတိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

“ကိုကိုးကျွန်း အနောက်တောင်ဘက် ရေမိုင် ၄၀၀၊ ပုသိမ်မြို့အနောက်တောင်ဘက် ရေမိုင် ၅၄၀ မှာ ဗဟိုပြု နေတာဆိုတော့ လက်ရှိအနေအထားအရ ကျွန်တော်တို့ ကမ်းရိုးတန်းထဲဝင်ဖို့ ဦးတည်ချက်မရှိသေးဘူး။ ဒါပေမဲ့ သတိထားရမယ်။ ရှောင်ရှားရမယ်။ တိုင်းအတွင်းမှာ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ ခရီးသွား ရေယာဉ် တွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး သတိပေးချက်ထုတ်ထားတယ်။ ဒါပေမဲ့ မုန်းတိုင်းဟာ ကျွန်တော်တို့ရဲ့ တိုင်းထဲကို ဝင်ရောက်ဖို့ရှိတယ်။ ဦးတည်ချက်ရှိမယ်လို့ သိရရင် ချက်ချင်း ပိတ်တာတွေ ချက်ချင်း အမိန့် ထုတ်တာတွေ လုပ်သွားမယ်။''ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် စွမ်းအင်စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

အဆိုပါ အမ်ဖန် စူပါ ဆိုင်လုန်းမုန်တိုင်းသည် မေလ ၁၉ ရက် နံနက် တိုင်းတာချက်များအရ မြန်မာနိုင်ငံကို ဝင်ရောက်ရန်မရှိသော်လည်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ အဝါရောင်အဆင့် သတ်မှတ်ထားပြီး မုန်တိုင်း၏ ပြောင်းလဲမှုအခြေအနေကို တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အချိန်နှင့် တစ်ပြေးညီ သိရှိစေဖို့ ထပ်ဆင့် ထုတ်ပြန်ပေးနေကြောင်း သိရသည်။

''မော်ကျွန်းမှာတော့ မနေ့ ၁၈ ရက်ကတည်းက မိုးရွာတာမပြတ်ဘူး။ လေလည်းနည်းနည်းတိုက်တယ်။ ရေယာဉ်ကို မနေ့ကတည်းက ရပ်လိုက်ပါတယ်။ ဘာအခက်အခဲမှ မရှိပါဘူး။ အမှာကုန်တွေလည်း လက်မခံထားသလို ခရီးသည်တွေကိုလည်း ကြိုတင်ပြောထားလို့ပါ။ မုန်တိုင်းကင်းစင်မှ ပြန်ထွက်မှာပေါ့။ မုန်တိုင်းက ကိုယ့်ဘက် ဦးမတည်ပေမယ့် သက်ရောက်မှုရှိမယ်လို့ တာဝန်ရှိသူတွေက အကြောင်းကြားလို့ပါ။'' ဟု မော်ကျွန်း -ဘိုကလေး ပြေးဆွဲနေသည့် ရေယာဉ်လိုင်းမှ ယာဉ်မောင်း ကိုဇေယျာက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များအလိုက် မုန်တိုင်းဘေး၊ ရေဘေးအပါအဝင် သဘာဝဘေး အန္တရာယ်များ ကျရောက်ပါက ပြည်သူများ ရှောင်တိမ်းခိုလှုံရန် ဆိုင်ကလုန်းရှယ်တာများ၊ ခိုင်ခန့်သည့် အဆောက်ဦ စုစုပေါင်း ၁၀၀၀ ကျော် ကြိုတင်ပြင်ဆင်ထားပြီး ပြောင်းရွှေ့ရမည်ဆိုလျှင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် မြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအထိ အသံချဲ့စက် အသုံးပြုကာ ကြေငြာပေးရန် စီစဉ်ထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

#ကျော်ကျော်

Covid-19 ကြောင့်၂၀၁၉ ခုနှစ်တွင် ခွင့်ပြုခဲ့သည့် မော်တော်ယာဉ် သွင်းကုန်လိုင်စင်များကို သက်တမ်း နှစ်လ ထပ်တိုးခွင့်ပြုမည်

ရန်ကုန်၊ မေ၁၈

၂၀၁၉ ခုနှစ်အတွင်း ခွင့်ပြုခဲ့သည့် မော်တော်ယာဉ် တင်သွင်းခွင့်သွင်းကုန်လိုင်စင်များကို သက်တမ်းနှစ်လထပ်တိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

"ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ကုန်သွယ်ရေး ကြန့်ကြာတာတွေရှိတယ်ဆို​​​ပြီးတင်ပြတာတွေရှိပါတယ်။ ပြီးခဲ့တယ့်နှစ်က မိုဒယ်သတ်မှတ်ချက်နဲ့ ခွင့်ပြုထားတဲ့ ကားလိုင်စင်တွေကလည်း သွင်းဖို့အခက်အခဲ ရှိနေတယ်ဆိုပြီးပြောတယ်။ ဒါကြောင့်၂၀၁၉ ခုနှစ် မော်တော်ယာဉ် သွင်းကုန်လိုင်စင်တွေကို မတ်လကုန်အထိပဲ ခွင့်ပြုပေးမယ်ဆိုတဲ့ ကြေညာချက်အစား နောက်ထပ် နှစ်လခွင့်ပြုပေးတာဖြစ်ပါတယ်။ သက်တမ်းတိုးဖို့အတွက်ကိုလည်း အွန်လိုင်းကနေတစ်ဆင့် ဆောင်ရွက်နိုင်အောင် စီစဉ်ပေးထားပါတယ်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Covid-19 ကြောင့် ကုန်သွယ်ရေးကိစ္စများတွင် သက်ရောက်မှုရှိနေသည့်အတွက် ကုန်သွယ်မှုများ အဆင်ပြေစေရန် ရည်ရွယ်ပြီး ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်၊ တာချီလိတ်ကုန်သွယ်ရေး ဇုန်တို့မှ တင်သွင်းရန်ခွင့်ပြုပေးထားသည့် ၂၀၁၉ ခုနှစ်အတွင်းခွင့်ပြုခဲ့သော မော်တော်ယာဉ်သွင်းကုန်လိုင်စင်များကို ခွင့်ပြုထုတ်ပေးသည့်ရက်မှ သက်တမ်းသုံးလကုန်ဆုံးပါက ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်အထိသာ ခွင့်ပြုခြင်းအစား သက်တမ်း နှစ်လ ထပ်တိုးခွင့်ပေးမည်ဖြစ်ပြီး ယင်းကာလအတွင်း အပြီးတင်သွင်းရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဆက်နိုင်

တိုင်းအတွင်းပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များအားလုံးကို စတင်ပြေးဆွဲခွင့်ပြု

ဟင်္သာတ ၊ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသတွင်း မြို့များ အချင်းချင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များအားလုံးကို မေလ ၁၆ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

"ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လိုက်နာဆောင်ရွက်ဖို့အချက်တွေကို တိကျစွာလိုက်နာတဲ့ မော်တော်ယာဉ်အသင်းတွေကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုမှာ ဖြစ်ပေမယ့်လည်း ရောဂါတားဆီးရေးအခြေအနေကို မူတည် ပြီး ခရီးသည်ပိုဆောင်ရေးအသင်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှု့တွေကို လိုအပ်သလိုရပ်နားတာတွေ ဆက်လက်ခွင့်ပြုတာတွေ ဆောင်ရွက်သွားမှာပါ။"ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ခရီးသည်တင်အဝေးပြေး ယာဉ်လိုင်းများအားလုံးကို Covid-19 ရောဂါကူးစက်မှုထိန်းချုပ်ကာကွယ်နိုင်ရန် ဧပြီလ ၉ ရက်မှ စတင်ကာ ပြေးဆွဲခွင့် ရပ်နားခဲ့ခြင်းဖြစ်ပြီး ကနဦးအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များအချင်းချင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများပြေးဆွဲခြင်းကို ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့အပါအ၀င် အခြားဒေသများသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲခွင့်ကို မေလကုန်အထိ ပိတ်ထားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ကုန်တင်ယာဉ်များနှင့် ပုဂ္ဂလိက အိမ်စီးကားများကိုလည်း မူလအတိုင်း သွားလာခွင့်ပြုသော်လည်း ဒရိုင်ဘာအပါအဝင် လူ ၅ ဦး အထိသာ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှုးများ၏ ခရီးသွားထောက်ခံချက်ဖြင့် သွားလာခွင့်ပြုထားမည်ဖြစ်ကြောင်း သိရသည်။

"ခရီးသည်တင်ကားတွေကို ပိတ်ထားတော့ တစ်နေရာနဲ့ တစ်နေရာသွားရင် Taxi တွေ ငှားရတော့ ခရီးစရိတ်က လေငါးဆယ်ဆလောက် ပိုကုန်တယ်။ တချို့ကျအလုပ်ကိစ္စနဲ့ မဖြစ်မနေ သွားရတာတွေရှိတော့ ဒီလိုပဲ အကုန်ခံပြီးသွားလာနေကြရတယ်။ အခုတိုင်းအတွင်းပြန်ဖွင့်တဲ့အပြင် ရန်ကုန် မန္တလေး နေပြည်တော်စတဲ့ ယာဉ်လိုင်းတွေလည်း စည်းကမ်းတွေချမှတ်ပြီး ပြန်ဖွင့်ချေင်တယ်"ဟု ပုသိမ်မြို့ခံ ဦးစိုးနိုင်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၅၄ လိုင်းရှိပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်စသည်တို့ကို ပြေးဆွဲနေသည့် အဝေးပြေး ယာဉ်လိုင်းပေါင်း ၄၆ လိုင်းရှိကြောင်း တိုင်းဒေသကြီးပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲမှု ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

#ကျော်ကျော်

နွားများမှ ရဲစခန်းဆိုင်းဘုတ်ဝင်တိုက်ပြီးပျက်စီးသည့်အပေါ် မကျေနပ်သဖြင့် ပိုင်ရှင်အား ရဲကင်းမှူးမှရိုက်နှက်သဖြင့်စုံခုံဖွဲ့စစ်ဆေးနေ

မြောင်းမြ၊ မေ ၁၇

ရောဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့နယ်ကျေးရွာစစ်ဆေးရေးဂိတ်တွင် မေ ၁၃ ရက်က ကူညီဆောင်ရွက်ပေးနေသူ အသက် ၅၀ နှစ်အရွယ် ကိုတင်အောင်မိုးဆိုသူ မွေးထားသည့် နွားအပါအဝင် စုစုပေါင်း နွား ၁၀ ကောင်ခန့်မှာ ရဲစခန်းဆိုင်းဘုတ်ကို ဝင်တိုက်တာကြောင့် ဆိုင်းဘုတ်ပျက်စီးသွားပြီး မကျေနပ်သည့်အတွက် ဒုရဲအုပ်မြတ်ကိုမှမေ ၁၄ ရက်၊ ည ၁၁ နာရီကျော်တွင် နွားပိုင်ရှင်အား စစ်ဆေးရေးဂိတ်ကို ခေါ်ဆောင်ပြီး ဓာတ်မီးနှင့် ရိုက်နှက်၊ လက်သီးနှင့် ထိုးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြင်ရွာကျန်းမာရေးစစ်ဆေးရေးဂိတ်တွင်ကူညီစစ် ဆေးပေးနေသည့်ပြည်သူတစ်ဦးကို ပြင်ရွာရဲကင်းမှူးမှ ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ စုံခုံဖွဲ့စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီးတိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေကပြောသည်။

''ရိုက်နှက်ခံရသူရဲ့ မိသားစုက တိုင်ကြားခဲ့တာကြောင့် တိုင်းရဲတပ်ဖွဲ့က စုံခုံဖွဲ့စစ်ဆေးတာတွေ ပြုလုပ်နေတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို သိဖို့အတွက် စုံခုံဖွဲ့စစ်ဆေးတာတွေ ပြုလုပ်တာပါ ဖြစ်စဉ်အမှန်သိရမှ အရေးယူသင့်၊ မယူသင့်ကိုတော့ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ၂ ဖတ် ၂ ဦးကို မြောင်းမြမြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးခြင်း စတင်ပြုလုပ်နေပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ကျော်ကျော်

စျေးများအားလုံး၊ထမင်းဆိုင်နှင့် လမ်းဘေးဆိုင်များစည်းကမ်းနှင့် ညီမှ ပြန်ဖွင့်ခွင့်ပြုမည်

ပုသိမ်၊ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိစျေးများအားလုံးနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ ထမင်းဟင်းရောင်းချသည့်ဆိုင်နှင့် အခြားလမ်းဘေးဆိုင်အားလုံးကို မေလ ၁၆ ရက်မှစတင်၍ စည်းကမ်းနှင့် အညီ ပြန်လည်ဖွင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Covid-19 ရောဂါထိန်းချုပ်ကုသနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စျေးများအားလုံးနှင့် ပျံကျစျေးများ ပိတ်ထားရန်၊ ဖွင့်လှစ်ထားသည့် ဆိုင်အားလုံး ဧပြီလ ပထမပါတ်မှ စတင်ပြီး ဆိုင်တွင်ထိုင် စားသုံးသူများကို လုံးဝ လက်မခံရန် စားသောက်စရာများကို ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားထား ခြင်းဖြစ်ပြီး ယခု ညွှန်ကြားချက်များကို ပြင်ဆင်ပြီး ပြန်လည်ဖွင့်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

"စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးတွေကို ပျံကျစျေးတွေလည်း အပါအဝင်ပေါ့ ကျန်မားရေးနဲ့ အားကစား ဝန်ကြီးဌာနက ညွန်ကြားချက်တွေ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တွေရဲ့ ကြီးကြပ်မှုတွေနဲ့အညီ ဖွင့်ခွင့်ပြုသွားမှာပါ။ သတ်မှတ်ချက်တွေနဲ့ မညီရင်တော့ အရေးယူသွားမှာပါ။ စည်ပင်သာယာက ခွင့်ပြုထားတဲ့ လုပ်ငန်း လုပ်ကိုင်တဲ့ ဆိုင်တွေကို ကျွန်တော်တို့က လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ပေးလိုက်ပြီ ဖြစ်ပါတယ်။ အဲ့ဒီမှာ ဝန်ခံချက်တွေ ရပြီဆို မနက်ဖြန် မေလ ၁၆ ရက်မှာ ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပြုမှာပါ။"ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

စည်းကမ်းသတ်မှတ်ချက်များတွင် စျေးဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် ၆ ပေအကွာတွင် ရောင်းချရန်၊ စျေးသည်များ Mask နှင့် လက်အိတ်များ ဝတ်ဆဆင်ရောင်းချရန်၊ စျေးအဝင် အထွက် နေရာများတွင် လက်ဆေးဘေလ်စင်များ ဆပ်ပြာ(သို့)လက်သန့်ဆေးရည်များ ထားရှိရန်နှင့် စျေးဝယ်လာသူများတွင် ဖျားနာသူ မပါစေရန် ကိုယ်ပူချိန်တိုင်းရန်စသည်တို့ ပါဝင်ကြောင်း သိရသည်။

“ရောဂါကာကွယ်ဖို့အတွက် Mask တပ်တာကောင်းပါတယ်။ အလေ့အကျင့် မရှိတော့ မနေတတ်ဘူး ဖြစ်နေတယ်။ ပြီးတော့ တစ်နေ့ တစ်ကြိမ် ဝယ်တပ်နေရတာကလည်း ကြာရှည်မှာ အဆင်မပြေဘူးပေါ့။ အိမ်မှာ လူရှိရင် ရှိသရွေ့ ကုန်ကျငွေတိုးလာတဲ့ သဘောမို့ပါ။ MASK ကို တစ်ခါသုံးထက် လျှော်ဖွတ်သုံးလို့ရတာဆို ပိုအဆင်ပြေတယ်။“ဟု ပုသိမ်မြို့ ဘိုကနောင်စျေးတွင် စျေးရောင်းချသူ ဒေါ်ထားထားဦးက ပြောသည်။

စားသောက်ဆိုင်များ ပြန်ဖွင့်လှစ်သည့်ဆိုင်များမှာ လက်ဆေးဘေလ်စင်၊ ဆပ်ပြာ(သို့) လက်သန့် ဆေးရည် ထားရန်၊ Covid-19 ရောဂါ အသိပညာပေး ဆိုင်ဘုတ်များတပ်ထားရန်၊ ခုံများကို ယခင်ခင်းနေကျထက် ထက်ဝက်ခန့်လျော့ချပြီး ၆ ပေ အကွာတွင်ထားကာ စားပွဲတစ်ခုလျှင် ၄ ဦးထက်မပိုရန်၊ ဖျားနာသူများ မဝင်ရောက်စေရန် ကိုယ်ပူချိန်တိုင်းပြီးမှ ဝင်ခွင့်ပြုရန်စသည့် စည်းကမ်းများထုတ်ထားကြောင်း သိရသည်။


စျေးများနှင့် ဆိုင်များဖွင့်လှစ်သည့်အချိန်တွင် လိုက်နာမှု ရှိ/ မရှိက်ို နေ့စဉ်စစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာမှု မရှိပါက ပထမအကြိမ်တွင် ၃ ရက်ဆိုင်ပိတ်ရန်၊ ဒုတိယအကြိမ်တွင် ၁၀ ရက်ဆိုင်ပိတ်ရန်နှင့် တတ်ိယ အကြိမ်တွင် ဆိုင်အပြီး ပိတ်သိမ်းရန် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

"ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းဖို့ စာထုတ်တုန်းကလည်း လက်မှတ်တွေထိုးပြီး စစ်ဆေးမယ့်သူမရှိတော့ တချို့ဆိုင်တွေက အခုထိကို ဆိုင်ထိုင်ရောင်းနေတုန်းပဲရှိတယ်။ အရေးယူတာ မရှိခဲ့ဘူး အခုလည်း လက်မှတ်ထိုးပြီး ဖွင့်ခွင့်ပေးထားပေမယ့် သေသေချာချာ စစ်ဆေး အရေးယူမှုတွေ မရှိဘူးဆိုရင်တော့ အရင်အတိုင်းပဲ ဖြစ်နေဦးမှာပါပဲ။"ဟု ပုသိမ်မြို့ခံ ဦးဝင်းသိန်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး လက်အောက်ရှိ စျေးပေါင်း ၁၃၂ ဈေးတွင် Covid-19 ရောဂါကာလအတွင်း Mask မတပ်သည့် ဈေးသည်ပေါင်း ၅၈၀ ကို ဒဏ်ရိုက်ခဲ့ပြီး ဒဏ်ကြေး ၂၅၃၆၀၀၀ ကျပ် ရရှိခဲ့ကြောင်း သိရသည်။

#ကျော်ကျော်

ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိသောစီးပွားရေးလုပ်ငန်းများကိုကျပ် ၁၃ ဘီလီယံ ထုတ်ချေးပေးထား

ရန်ကုန် ၊ မေ ၁၆

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့်ထိခိုက်မှုရှိသောစီးပွားရေးလုပ်ငန်းများအပေါ် နိုင်ငံတော်အစိုးရက ချေးငွေထုတ်ချေးပေး ထားရာတွင်ကျပ် ၁၃ ဘီလီယံအထိ ထုတ်ချေးပေးထားကြောင်းကုန်သည်စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြောသည်။

ကျွန်တော်တို့ချေးငွေထုတ်ပေးရေးမူလရည်ရွယ်ချက် ကိုက စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ပဲ ထုတ်ချေးတာဖြစ်ပါတယ်။ ဥပမာ လုပ်ငန်းချဲ့ထွင်ဖို့တို့၊ရင်းနှီးမြှုပ်နှံဖို့တို့၊ အဲဒီလိုလုပ်ဖို့ ထုတ်ချေးတာမဟုတ်ပါဘူး။ လုပ်ငန်းတွေ ဆက်လက်ရှင်သန်နိုင်ဖို့ ဝန်ထမ်းလစာတွေပေးနိုင်ဖို့ထုတ်ချေးပေးရခြင်းဖြစ်ပါတယ်။ အနည်းဆုံးဝန်ထမ်းတစ်ဦးလစာ သုံးလစာလောက် ဆက်တိုက်ပေးနိုင်အောင် ထုတ်ချေးပေးထားပါတယ်။အသင်းချုပ်အနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးအရရိုက်ခတ်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်တဲ့အနေနဲ့ သက်ဆိုင်ရာဌာနတွေ၊ ပညာရှင်တွေ၊ အလုပ်သမားသမဂ္ဂတွေညှိနှိုင်းပြီးတော့ တုံ့ပြန်နိုင်ဖို့ ဆောင်ရွက် ခဲ့ပါတယ်။ ဒီအတွက် နိုင်ငံတော်အစိုးရက ကျပ်ဘီလီယံ ၁၀၀ ထုတ်ချေးပေးနိုင်ရေး ခွင့်ပြုပေးခဲ့ပါတယ်။ ယနေ့အထိ လုပ်ငန်းပေါင်း ၃၀၀၊ တန်ဖိုးအားဖြင့် ကျပ် ၁၃ ဘီလီယံ ထုတ်ချေးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်ဟုအထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြောသည်။

နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရန်ပုံငွေကျပ်ဘီလီယံ ၁၀၀ ထုတ်ချေးပေးရေးအစီအစဉ်တစ်ရပ်ကို ဆောင်ရွက်ခဲ့ရာစီးပွားရေး လုပ်ငန်းရှင် ၃၀၀ ကျော်အား ချေးငွေများထုတ်ချေးပေးထားခြင်းဖြစ်သည်။


အဆိုပါချေးငွေအတွက် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုနသည်စက်မှုအသင်းချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တို့ရှိ ကုန်သည်စက်မှုအသင်းများသို့ အွန်လိုင်းတို့မှတစ်ဆင့် လျှောက်လွှာများကို မတ် ၃၀ ရက်မှစ၍ ခေါ်ယူခဲ့ရာ စုစုပေါင်းလျှောက်လွှာ ၄၂၅၈ စောင် လက်ခံရရှိခဲ့ကြောင်းသိရသည်။

လျှောက်လွှာများအနက် ပထမ အသုတ် ၈၅ ဦး၊ ဒုတိယအသုတ် ၁၁၃ ဦးနှင့် တတိယအသုတ် ၁၁၁ ဦးတို့ အား ချေးငွေများထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။

အဆိုပါချေးငွေများကို အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများမှ အများဆုံးလာရောက်လျှောက်ထားကြကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ဖြစ်ပွားလာချိန်အစောပိုင်းကာလအတွင်း အလုပ်ရုံ၊ စက်ရုံ အချို့ ကုန်ကြမ်းပြတ်လပ်မှုကိုအကြောင်းပြုကာ စက်ရုံများ ယာယီပိတ်သိမ်းရပ်နားမှုများရှိခဲ့ပြီးလုပ်သားအချို့မှာ အလုပ်အကိုင်ရှားပါးကာ လုပ်ငန်းရပ်နားခဲရမှုများရှိခဲ့သည်။

Mask ပြိုင်ပွဲတွင်ဆုရသူများကို ဂုဏ်ပြု မှတ်တမ်းလွှာချီးမြှင့်ပြီးvideo conferencing လုပ်မည်

.........................

Mask ပြိုင်ပွဲကို ပြည်သူတွေသောင်းနဲ့ချီပြီး ပါဝင်ခဲ့ကြတာကို အံ့ဩမိသလို၊ ဝမ်းလည်းသာ ရပါတယ်။ ဒီပြိုင်ပွဲအကြောင်းကိုဂျပန် NHK သတင်းဌာနကတောင် လွှင့်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲ ဝင်သူတွေ များလှတာကြောင့်ဆုအမျိုးအစား (၄) မျိုးခွဲပြီးပေးပါမယ်။

(၁) ပြည်သူ အနှစ်သက်ဆုံး။ (Like အများဆုံး)
(၂) တီထွင်ဖန်တီးမှုအကောင်းဆုံး။
(၃) လူထုအကျိုးပြုဆု။ (လှူဒါန်းဝေငှရန်လုပ်တဲ့maskတွေထဲက like အများဆုံး။)
(၄) ပြိုင်ပွဲဝင်ရခြင်းရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံး။

ပြည်တွင်းမှ ဆုပေးဖို့လျာထားတဲ့ mask များကို ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက စိစစ်ပြီးမှ ဆုအတည်ပြုပါမယ်။ ပြည်ပမှ ဆုပေးဖို့လျာထားသူများကို ကျန်းမာရေးဝန်ကြီးဌာန က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးစိစစ်ပါမယ်။ အားလုံးစိစစ်ပြီးတဲ့အခါမှ ဆုရသူတွေစာရင်း ကျွန်မ facebook မှာတင်ပါမယ်။

ဆုရသူတွေကို ဂုဏ်ပြု မှတ်တမ်းလွှာချီးမြှင့်ပါမယ်။ မှတ်တမ်းလွှာတွေကို တစ်မူထူးခြားအောင်လုပ်ဖို့နည်း စဉ်းစားထားပါတယ်။ အခုတော့မပြောသေးဘူးလေ။ နောက်ပြီး ပထမ ရသူ(၄)ဦးနဲ့ video conferencing လုပ်ပါမယ်။

ပြည်သူတွေရဲ့ စိတ်အားထက်သန်စွာ ပါဝင်မှုကြောင့် mask ပြိုင်ပွဲဟာ ထင်ထားတာထက်အောင်မြင်လို့ ကျွန်မတို့Covid ကိစ္စကိုသာမက၊ အခြား အမျိုးသားရေး စိန်ခေါ်မှုကြီးတွေကိုလည်း ပြည်သူရဲ့ စုပေါင်းအင်အားနဲ့ ကျော်လွှားနိုင်မယ်ဆိုတဲ့ ယုံကြည်မှုကို ပိုမိုခိုင်မာစေပါတယ်။

ခွန်အားဖြည့်ပေးတဲ့ပြည်သူတွေ ခွန်အားပြည့်ကြပါစေ။

(မနက်ဖြန် တနင်္ဂနွေ၊ ကျွန်မfacebook နားရက်ပါ။)

တစ်နိုင်ငံလုံးကိုရက်သတ္တ (၂) ပတ်ခန့်စာ ရိက္ခာဝေနိုင်ရန်ဆောင်ရွက်နေ

နေပြည်တော် ၊ မေ ၁၃

COVID-19 ရောဂါထိန်းချုပ်နေစဉ်ကာလအတွင်းအကြပ်အတည်း ဖြစ်ချိန်တွင် တစ်နိုင်ငံလုံး၏ ရက်သတ္တ (၂) ပတ်ခန့်စာ ရိက္ခာဝေနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်းအရန်ရိက္ခာဝယ်ယူရေး ညှိနှိုင်းအစည်းအဝေးတွင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကပြောသည်။

အကြပ်အတည်း ဖြစ်ချိန်မှာတစ်နိုင်ငံလုံးရဲ့ရက်သတ္တ (၂) ပတ်ခန့်စာ ရိက္ခာဆန် တန်ချိန် (၅၀၀၀၀) နဲ့ဆီတန်ချိန် (၁၂၀၀၀) ဝယ်ယူဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အရန်ဆန် ဝယ်ယူရာမှာ ဈေးကွက်တည်ငြိမ်စေဖို့အတွက် ပြည်ပဆန်တင်ပို့မှုပမာဏရဲ့ ၁၀ % ကို ပြည်ပတင်ပို့တဲ့ ကုမ္ပဏီတွေဆီက ဝယ်ယူခဲ့ပြီး အရန်စားသုံးဆီကို ဈေးနှုန်းသင့်တင့်တဲ့ စားအုန်းဆီ ဝယ်ယူဖို့ ဆောင်ရွက်ခဲ့ပါတယ်။အရေးပေါ်ရိက္ခာ ဆန်တန်ချိန် (၅၀၀၀၀) နဲ့စားအုန်းဆီတန်ချိန် (၁၂၀၀၀) တို့ကို လိုအပ်တဲ့အချိန် ဖြန့်ချိနိုင်ဖို့အတွက် အရေးပေါ်ရိက္ခာဝယ်ယူခြင်း ဖြစ်ပါတယ်။(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီရဲ့ ညွှန်ကြားချက် အတိုင်း တိုင်းဒေသကြီး/ ပြည်နယ်တွေကို ဖြန့်ဝေဖို့ လျာထား ဆောင်ရွက်နေပါတယ်။အသင်းအဖွဲ့တွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက ပူးပေါင်း ကူညီဆောင်ရွက်ပေးမှုကိုလည်း ကျေးဇူးတင်ရှိပါတယ်ဟုပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စများကို ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များနှင့် အကြိမ်ကြိမ်ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြောင်း၊ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ကုန်စည်စီးဆင်းမှုမှန်ကန်ရေး၊အရန်ရိက္ခာ ဝယ်ယူရေးကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရက ရိက္ခာဖြန့်ဝေပေးသည့်ကိစ္စများတွင်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Photo...U Than Myint

ရန်ကုန် Lock Down ၁၀ မြို့နယ်မှ ဧရာဝတီတိုင်းသို့ လာပါကမြို့အတွင်းဝင်ခွင့်မရှိ

ပုသိမ်၊ မေ ၁၂

ရန်ကုန်တိုင်းဒေသကြီအတွင်းရှိ Lock Down ပြုလုပ်ထားသည့် မြို့နယ် ၁၀ မြို့နယ်မှ ရပ်ကွက်များရှိရာ ဒေသများမှ လာရောက်သည့် ကားများ အားလုံးကို မေလပထမပါတ်မှ စတင်ပြီး ပုသိမ်မြို့တွင်းသို့ အဝင်မခံ တော့ကြောင်း သိရှိရသည်။

ပုသိမ်မြို့သို့ ခရီးသွားလာကြမည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင်သူများကို သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ ခရီးသွားလာခွင့်ထောက်ခံချက်ယူဆောင်လာရန်နှင့် အခြားဒေသများမှ လာရောက်သူများလည်း သက်ဆိုင်ရာမြို့နယ်များမှ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ ခရီးသွားလာခွင့် ထောက်ခံချက် ယူဆောင်လာရန်ထုတ်ပြန်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

"သက်ဆိုင်ရာနေရာတွေက ထောက်ခံချက်တွေ ယူဆောင်လာဖို့ ထုတ်ပြန်ထားပါတယ်။ ရန်ကုန်က ကားတွေ ပြန်လွှတ်တာကတော့ စစ်ဆေးရေးဂိတ်တွေမှာ လုပ်ဆောင်နေသူတွေ ကောင်းမယ်ထင်လို့ စီစဉ်ပြီးလုပ်နေကြ တာပါ။"ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီအတွင်းရှိ Lock Down ပြုလုပ်ထားသည့် မြို့နယ် ၁၀ မြို့နယ်မှ ကားများ ပုသိမ်မြို့သို့ လာရောက်ပါက ပုသိမ်မြို့အဝင်ကိုးဆူစစ်ဆေးရေးဂိတ်မှ လှည့်ပြန်ရမည်ဖြစ်ပြီး ပါလာသည့် ခရီးသည်များကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများသို့ စစ်ဆေးရေးဂိတ်မှ ဆက်သွယ်ကာ Facility Quarantine ၂၁ ရက်ဝင်ရန် စီစဉ်ပြီး ပို့ဆောင်ပေးနေကြောင်း ကိုးဆူစစ်ဆေးရေးဂိတ်မှ သိရသည်။

"အဲ့ဒီမြို့နယ် ၁၀ မြို့နယ်ကလာရင်တော့ ချက်ချင်းပဲ ပြန်လွှတ်ပါတယ်။ ခရီးသည်တွေကတော့ ဒီကိုဝင်ချင် တယ်ဆိုရင် သွားမယ့်နေရာကို ဆက်သွယ်ပေးပြီး အုပ်ချုပ်ရေးမှူးတွေက လာခေါ်မှ သွားလို့ရမယ်။ Quarantine ၂၁ ရက် ဝင်နိုင်မယ်ဆိုရင် ချိတ်ပေးပြီး ဆိုင်တဲ့ နေရာတွေက လာခေါ်ပေးတယ်။"ဟု ပုသိမ်မြို့အဝင် ကိုးဆူစစ်ဆေးရေးဂိတ်မှ Volunteer လုပ်ကိုင်နေသူ ဦးလှိုင်ဘွားက ပြောသည်။

ပုသိမ်မြို့သို့ ရန်ကုန်တိုင်းဒေသကြီးမှ နေ့စဉ်ခရီးသွားလာရောက်သူ လူဦးရေ ၁၀၀ မှ ၂၀၀ အထိရှိနေကြောင်း ပုသိမ်မြို့အဝင် ကိုးဆူစစ်ဆေးရေးဂိတ်မှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မေလ ၁၁ ရက်အထိ Covid-19 ရောဂါပိုးရှိ လူနာမတွေ့ရှိသေးသော်လည်း ညမထွက်ရ အမိန့်အပါအဝင် ဒေသန္တရအမိန့် ၈ ခု တားမြစ်ထုတ်ပြန်ထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

ကျော်ကျော်