Breaking
Ad
Ad
Ad
Local News

ဒေသတွင်းငါး၊ပုစွန်၊ကဏန်းများ အရောင်းအဝယ် ရပ်ပစ်ရမည့်အထိရောင်းအားကျဆင်းနေ

Pinterest LinkedIn Tumblr

ဒေသတွင်းငါး၊ပုစွန်၊ကဏန်းများ အရောင်းအဝယ် ရပ်ပစ်ရမည့်အထိရောင်းအားကျဆင်းနေ

ပုသိမ်၊ မေ ၂၆

Covid-19 ကပ်ရောဂါ သက်ရောက်မှုအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါး၊ ပုစွန်၊ ကဏန်းများ အရောင်းအဝယ်ကျဆင်းနေသဖြင့် ဒေသတွင်း လုပ်ငန်းရှင်များနှင့် ရေလုပ်သားများ လုပ်ငန်းရပ်ပစ်ရမည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။

''အခုပြည်ပကို တင်ပို့လို့ အဆင်မပြေတော့ ပြည်တွင်းစျေးကွက်မှာ အကြွေးစနစ်နဲ့ ရောင်းထားရတယ်။ ဆက်ပြီးတော့ လနဲ့ချီပြီး ဒီလိုဖြစ်နေဦးမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ လုပ်ငန်းကို ရပ်ပစ်ရတော့မယ်။ ပြည်တွင်းမှာလည်း အလုပ်လက်မဲ့ဦးရေများလာတော့ ဝယ်စားမယ့်သူက မရှိတော့ဘူး။ ပိုက်ဆံမရှိရင်တော့ ဘယ်သူမှ ဝယ်စားတော့မှာ မဟုတ်ဘူး။ တရုတ်နိုင်ငံကို အဓိကတင်ပို့တာ Covid-19 ဖြစ်ပွားနေတော့ စျေးကွက်က ပိတ်ကို ပိတ်ထားတာ။''ဟု ဖျာပုံမြို့မှ ဒို့မိတ်ဆွေ ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးဝင်းအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ရေထွက်ကုန်များဖြစ်သည့် ကဏန်း၊ ပုစွန်၊ ငါးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး Covid-19 ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှ လက်ရှိအချိန်အထိ တရုတ်မှ အဝယ် မရှိတော့သဖြင့် မတင်ပို့ရသည့်အတွက် ပြည်တွင်း၌သာ ဖြန့်ဖြူရောင်းချနေရပြီး အများစုမှာ ဝယ်ယူစားသုံးခြင်း မရှိသဖြင့် ရောင်းလိုအား ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ရကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်း ရေလုပ်ငန်းကုမ္ပဏီများနှင့် တစ်နိုင် တစ်ပိုင် လုပ်ကိုင်သူ ၃၅၀ ဦး ရှိပြီး ငါး၊ ပုစွန်နှင့် ကဏန်းများကို ယခင်က ပြည်ပသို့ ၅၀ ရာခိုင်နှုန်းတင်ပို့ပြီး ပြည်တွင်းမှာ ၅၀ ရာခိုင်နှုန်း ရောင်းချခဲ့ကာ ယခုအခါ ပြည်ပကို တင်ပို့နိုင်ခြင်း မရှိသည့်အပြင် ပြည်တွင်း၌လည်း ကုန်တင်ပို့ရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သိသိသာသာရောင်းလိုအား ကျဆင်းလာနေကြောင်း သိရသည်။

''Covid-19 ကပ်ရောဂါရဲ့ သက်ရောက်မှုက ရေလုပ်ငန်း လုပ်ကိုင်သူ ပြည်သူတွေကို တော်တော် အခက်တွေ့ စေတယ်။ လက်ရှိအချိန်မှာ ရေလုပ်ငန်း လုပ်ကိုင်သူ အားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ရောဂါ အရေးပေါ် ကာလကျော်လွန်ရင်တော့ ရေလုပ်ငန်းတွေ ပြန်လည်တိုးတက်လာဖို့ရှိတယ်။ ပုသိမ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးနိုင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် Covid-19 မဖြစ်ပွားချိန် ရေလုပ်ငန်းများ ပုံမှန်လည်ပတ်ချိန်က ရေလုပ်သားများ နေ့စဉ် တစ်ရက်ကို ကျပ် ၁၅၀၀၀ မှ ၂၅၀၀၀ ဝင်ငွေရှိကာ လက်ရှိ တစ်ရက်လျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်သာ ဝင်ငွေရရှိတော့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်၊ ဖျာပုံ၊ လပွတ္တာစသည့် ဒေသများရှိ ကမ်းခြေ၊ အင်း၊ အိုင်၊ ချောင်း၊ မြစ်များထဲတွင် ငါး၊ ပုစွန်၊ ကဏန်းများ အများဆုံး ဖမ်းဆီးရမိပြီး ပြည်တွင်းရန်ကုန်စျေးကွက်နှင့် မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

#ကျော်ကျော်

Write A Comment