Breaking
Ad
Ad
Ad
Opinion

“ လတ်တလောအဆင်မပြေမှုဆိုတာ နောင်တချိန်မှာ ပြန်ပြောတိုင်း ရယ်မောစရာတစ်ခုပါ ”

Pinterest LinkedIn Tumblr

“ လတ်တလောအဆင်မပြေမှုဆိုတာ နောင်တချိန်မှာ ပြန်ပြောတိုင်း ရယ်မောစရာတစ်ခုပါ ”

**********************************

ဒုတိယအကြိမ် လွှတ်တော် အသီးသီး ရဲ့ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မေလ (၁၈) ရက်နေ့မှာ စတင်ကျင်းပဖို့ ကြေညာချက် ကို ဧပြီလ (၂၆) ရက် ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် နာယက က လက်မှတ်ရေးထိုး ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

ဒီလို နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ (ကိုဗစ် ၁၉) ကို အပြင်းအထန် ခုခံရင်ဆိုင်နေရချိန် ၊ ငါးယောက် ထက်ပိုပြီး မစုဝေးပါနဲ့ ၊ မလွှဲမရှောင်သာ တွေ့ဆုံရာ အနည်းဆုံး ခြောက်ပေ အကွာအဝေးမှာနေပါ လို့ ပန်ကြားထားရတဲ့အချိန်မျိုးမှာ ဒီလို လူစုလူဝေးလုပ်ရမဲ့ လွှတ်တော်တွေကို ပြန်ခေါ် တော့ မယ် ဆိုတော့ ဝေဖန်သံ တွေလဲ စီစီညံညံထွက်လာပါတယ် ။ ဒီအချိန်မှာ လွှတ်တော်က မခေါ်လို့ မဖြစ်ဘူး လား ဆိုတာ မျိုးပေါ့ ။

ဟုတ်ပါတယ် ။ ဒီလွှတ်တော်အစည်းအဝေးက ဒီကြေညာချက်ထုတ်ပြန်တဲ့ နောက်နေ့ ဧပြီ (၂၇) က တည်းက ခေါ်ယူဖို့ စီစဉ်ထားပြီး ဖြစ်ပေမဲ့ ကိုဗစ် ၁၉ ကြောင့် ရွှေ့ဆိုင်းထားခဲ့ရပြီး ယခု အချိန်မှာ ထပ်မံရွှေ့ဆိုင်းဖို့ မဖြစ်နိုင်တော့တာ ကြောင့် မဖြစ်မနေ ခေါ်ရတဲ့ လွှတ်တော်တွေပါ ။

အဓိက အကြောင်း ကတော့ ဒီလွှတ်တော်မှာ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း ကို အတည်ပြုပေးဖို့ပါ …..တဲ့ ။

ဒီဥပဒေကြမ်းဟာ ဘယ်လောက်အရေးကြီးသလဲ ။ အချိန်မီ အတည်ပြု မပေး နိုင်ရင် နိုင်ငံတော်ရဲ့ ယန္တရားတွေ အသီးသီးဟာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာလဲ လွှတ်တော်ကိုယ်စားလှယ်များက ပိုပြီးနားလည်ကြမှာဖြစ်ပါတယ် ။

အဲဒီလို မလွှဲမရှောင်သာတဲ့အရေးမို့ လွှတ်တော်များကို ပြန်လည်ခေါ်ယူရပေမဲ့ တဖက်မှာကလည်း အင်မတန်ကြီးမားလှတဲ့ ကိုဗစ် ၁၉ ရဲ့ အန္တရာယ်ကလည်းရှိနေပါတယ် ။ မကြာမကြာ စနစ်တကျ လက်ဆေးပါ ၊ အများပြည်သူ တို့ ဖြစ်နိုင်သမျှ အိမ်မှာပဲနေပါ ၊ မဖြစ်မနေသွားလာရတဲ့အခါ ဘယ် သွားသွား ဘယ်လာလာ မျက်နှာဖုံး (mask) တပ်ဆင်ပါ လို့ ပန်ကြားနေရတဲ့အချိန်မျိုးမှာ လွှတ်တော်ကိုလာရောက်ကြမဲ့ ကိုယ်စားလှယ် များ အတွက်လည်း ကျန်းမာရေး အစီအမံတွေကို ကြိုတင်စီမံဖို့ ၊ အထူးကြတ်မတ်ဆောင်ရွက်ဖို့ လိုအပ် လာပါ တယ် ။ ဒါကြောင့်လဲ ယခင်က ရောက်ရှိကြောင်းစာရင်းပေးသွင်းဖို့ နှစ်ရက်လောက်သာ ကြိုတင် လာ ရောက်ဖို့ ထည့်သွင်းကြေညာပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရခြင်းရှိ/မရှိ ကိုကြိုတင် စစ်ဆေးဖို့ အတွက်ပါ (၈) ရက် ကြိုတင်လာရောက်ဖို့ အသိပေးအကြောင်းကြားထားကြောင်းကိုလည်း သိရပါ တယ် ။

ဒီနေရာမှာ ချစ်ခင်စွာဖြင့် စကားလေးတစ်ခွန်းပြောစရာရှိလာပါတယ် ။

ဒီတစ်ကြိမ် လွှတ်တော်တက်ဖို့ နေပြည်တော်ကိုလာရောက်ကြမဲ့ ကိုယ်စားလှယ်များအနေနဲ့ မိသားစု ၊ အဖော် ခေါ်ဆောင်မလာဖို့ ပန်ကြားချက်တစ်ချက်ပါရှိလာပါတယ် ။ အဲဒီအချက်အပေါ်မှာ ကိုယ်နဲ့သိကျွမ်းသော ခင်မင်ရသော မိတ်ဆွေကိုယ်စားလှယ်များ ၊ ကိုယ်နဲ့ အကျွမ်းတဝင်မရှိပေမဲ့ တွေ့ဖူးဆုံဖူး သိကျွမ်းဖူးသော အပြန် အလှန်လေးစားရသော ကိုယ်စားလှယ်များ အနေနဲ့ ဒီအချက်အပေါ် စိတ်ထဲ ခိုးလို့ခုလု မဖြစ်ကြစေချင်လို့ ဒီစာကို ရေးဖြစ်တာပါ ။

ခါတိုင်း ခါတိုင်း လွှတ်တော်ကာလတွေမှာ စည်ပင်ရိပ်သာမှာ နေထိုင်ပြီး လွှတ်တော်တက်ကြရတဲ့ လွှတ် တော် ကိုယ်စားလှယ်အများစုဟာ ဇနီး ခင်ပွန်း ၊ မိသားစု သို့မဟုတ် အကူအညီ အဖော်အလှော် ခေါ်လာ ကြ ပါတယ် ။ ဒါကလည်း လနဲ့ချီပြီး မိသားစုနဲ့ ခွဲ နေကြရမဲ့ သူတွေဘက်က ကိုယ်ချင်းစာပါတယ် ။ ပြီးတော့ ကိုယ့် ရဲ့ လွှတ်တော်ရေးရာကိစ္စတွေ ၊ စာရွက်စာတမ်း အထောက် အထား ၊ အချက်အလက်တွေကို ကူညီ ဆောင်ရွက် ပေးဖို့ကလည်း အကူအညီလိုတယ် ။ လွှတ်တော် အရေးအရာ အလုပ်တွေက တဖက်နဲ့ အလုပ်များချိန်မှာ ကိုယ် တိုင် ချက်ပြုတ်စားသောက်ရဖို့ကလည်း သိပ်မလွယ်လှတော့ ချက်ပြုတ်ကျွေးမွေးမဲ့ အကူအညီကလည်း လိုတာ ပေါ့ ။ ကိုယ်ချင်းစာပါတယ် ။

ဒါပေမဲ့ ဒီလွှတ်တော်ရဲ့ ကျန်းမာရေး လုံခြုံမှုဆောင်ရွက်ကြရမဲ့သူတွေ ဘက်ကပြန်ကြည့်ရအောင်ပါ ။ လွှတ်တော်တက်ဖို့ ရောက်လာမဲ့ ကိုယ်စားလှယ်တွေကို ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရခြင်းရှိမရှိ (SWAB) ယူပြီး ဓာတ်ခွဲ စစ်ဆေး ရပါမယ် ။ (အဲဒီအတွက် ၈ ရက်ကြိုတင်ခေါ်ယူတာပါ) ။ အကယ်၍ တစ်ယောက်ယောက်မှာ ပိုးတွေ့ရှိရင် အဲဒီ လူကို ကိုဗစ်၁၉ ကြပ်မတ်ကုသရေးဌာနကို တန်းပို့ရမှာပါ ။
အဲဒီလို ကျန်းမာရေး စစ်ဆေးပေးရမဲ့ လွှတ်တော် ကိုယ်စားလှယ် အရေအတွက်ကို စဉ်းစား တွက် ချက်ကြည့်ပါ ။ လွှတ်တော်ဝန်ထမ်းတွေကိုလည်း စစ်ဆေးဖို့လိုအပ်မှာပါ ။ အဲဒီအတွက် ကုန်ကျစာရိတ်တွေ ဘယ်လောက် များမလဲ ၊ အဲဒီအတွက် အလုပ်ဘယ်လောက်များမလဲ စဉ်းစားကြည့်ပါ ။

အဲဒီမှာမှ ကိုယ်စားလှယ်တစ်ယောက်ဟာ (မိသားစုဝင် သို့မဟုတ် အကူအညီ) အဖော်တစ်ယောက် ခေါ် လာမယ် ဆိုပါစို့ ။ သူ့ကိုရော (SWAB) ယူပြီး ဓာတ်ခွဲ စစ်ဆေးဖို့လိုမယ်မဟုတ်ဘူးလား ။ လွှတ်တော် တက်မဲ့ ကိုယ်စားလှယ်ကိုတော့ စစ်ဆေးပြီး ၊ အဲဒီကိုယ်စားလှယ်နဲ့ ဆယ်ပေလောက်သာကျယ်တဲ့ စည်ပင်ရိပ်သာ အခန်း မှာ အတူတူနေမဲ့ အဖော်ကိုတော့ မစစ်ဆေးဘဲ ထားလို့ ရပါ့မလား ။
ကိုယ်စားလှယ် တွေကိုတော့ (SWAB) စစ်ဆေးမယ် ။ အဲဒီအဖော်တွေကို (SWAB) မယူ ၊ ဓာတ်ခွဲ မစစ်ဆေးဘူးဆိုရင် လက်ဆေးပါ ဆိုလို့ဆေးတယ် ပြီးတော့ ခေါင်း ကုတ်တယ် ၊ ဆံပင်သပ်တယ် ၊ လုံချည်နဲ့ သုတ်တယ် ၊ ပြီးတော့ မျက်လုံးပွတ် နှာခေါင်းပွတ် ဆိုတာမျိုး ဖြစ်မနေပေဘူးလား ။

ပါလာတဲ့အဖော်တွေကို (SWAB) ယူပြီး ဓာတ်ခွဲ စစ်ဆေး မယ်ဆိုရင်ကော ဘယ်လိုဖြစ်မလဲ ။ ကိုယ်စား လှယ် တစ်ယောက် ကို အဖော်တစ်ယောက်ပါရင်တောင်မှ ကိုယ်စားလှယ်အရေအတွက်နဲ့ ဆတူ အရေအတွက် ရှိတဲ့သူတွေကို (SWAB) ယူပြီး ဓာတ်ခွဲ စစ်ဆေးရင် ကုန်ကျစာရိတ်ဘယ်လောက်များမလဲ ။ ဓာတ်ခွဲစစ်ဆေးရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ဘယ်လောက်များမလဲ ။ အများပြည်သူတွေအတွက် စစ်ဆေးရမဲ့အထဲက ဘာ တွေကို ဖဲ့ယူသလိုဖြစ်မလဲ ။ ဒါလေးတွေကို ထည့်စဉ်းစားပေးကြရမှာပါ ။

ကိုယ်စားလှယ်ဆိုတာ ပြည်သူတို့အကျိုး နိုင်ငံရဲ့အကျိုးကို ဦးထိပ်ရွက်ကြရမဲ့သူတွေပါ ။ မပြည့်စုံတဲ့ မချမ်းသာတဲ့နိုင်ငံတစ်ခုရဲ့ ကိုယ်စားလှယ်တွေဆိုတာ လွင်တီးခေါင် နေပူပြင်မှာ ပြည်သူတွေအရိပ်ရဖို့ ကိုယ့်ခန္ဓာ ကိုယ်နဲ့ နေကာပေးရမဲ့သူတွေပါ ၊ မိုးရွာရင် ပြည်သူတွေ မိုးစက်မိုးပေါက်တွေ တတ်နိုင်သမျှ သက်သာစေဖို့ ကိုယ့်ခန္ဓာ ကိုယ်နဲ့ မိုးကာနိုင်သမျှကာပေးရမဲ့သူတွေပါ ။ စားစရာမလုံလောက်ရင် ပြည်သူကိုတစ်လုပ်ပိုကျွေးပြီး ကိုယ်ကရေသောက်ပြီး ဗိုက်ဖြည့်ရမဲ့သူတွေပါ ။ ကျန်းမာရေးအတွက် အသက်လုရတော့မယ်ဆိုရင် ပြည်သူကို အရင်ကုသ မှု ပေးစေပြီး ကိုယ်က လိုအပ်ရင်အသက်စွန့်ရမဲ့သူတွေပါ ။ တချို့တွေဟာဆိုရင် တကယ်လဲ စွန့်ခဲ့ကြ ဖူးသူ တွေဆိုတာ မှတ်ကျောက်တင်ထားပြီးသားပါ ။

အခုလို အရေးကြီးလှတဲ့အချိန်ကာလမှာဖြင့် ချစ်ရခင်ရ ၊ လေးစား ရသော ပြည်သူ့ကိုယ်စားလှယ်များကို မေတ္တာ ရပ်ခံပန်ကြားချင်တာက အခု လွှတ်တော် အစည်းအဝေးကာလကလေး မှာ မိသားစု ဝင်တွေကို ခေါ် မလာရ လို့ အိမ်ကိုလွမ်းရင် ဖုန်း ဆက်ပြီးအလွမ်းဖြေလိုက်ကြပါ ၊ ဗီဒီယိုကောလ်တွေ မက်ဆင်ဂျာ ကောလ်တွေ နဲ့ အလွမ်းဖြေကြပါ ။ လွှတ်တော်အလုပ် ၊ စာရွက်စာတမ်းအလုပ်တွေကိုလည်း ကိုယ့်ကိုယ်ကို မှန်ထဲမှာ ကြည့်ပြီး ခိုင်းလိုက်ပါ ။ ချက်ပြုတ်ကျွေးမဲ့သူမပါလာလို့ စားရသောက်ရအဆင်မပြေရင်လဲ ပြည်သူ့အတွက်ပဲလို့ သည်းခံပြီး ကိုယ်တိုင် ကြက်ဥ ကြော် ၊ ကြက်ဥပြုတ် ၊ ခေါက်ဆွဲပြုတ် ၊ ထမင်းဆီဆမ်း ပဲခြမ်းသုတ် ၊ လဘက်သုတ် စတာ တွေနဲ့ လက်စွမ်းပြပြီး လည်ချောင်းကို မြေလှန်စုံကန် လို့ သွင်းလိုက်ကြစမ်းပါ ။ အဝတ်လျှော်တာ လောက် ကတော့ ရေချိုးရင်းနဲ့ ဇလုံထဲထည့် ဆပ်ပြာဆီလေး နည်း နည်းနဲ့ ဟိုပွတ်ဒီပွတ်လုပ်ပြီး သည်းခံလျှော်ဖွတ်လိုက်ပါ ။ မီးပူမထိုးတတ်ရင်လဲ အင်္ကျီ လုံခြည်လေး တွေကို ခေါက်ပြီး မွေ့ယာအောက်မှာ ဖိအိပ်လိုက်ပါ ။ ကိုယ်တွေ အဆောင်နေ ကျောင်းသား ဘဝတုံးကလိုပေါ့ ။ စာရေးတဲ့ကိုယ်စားလှယ်တွေဆိုရင် “ကိုဗစ်၁၉ကာလ လွှတ်တော် ကိုယ်စား လှယ်တစ်ယောက်ရဲ့ နေ့စဉ်မှတ်တမ်း” တို့ ဘာတို့တောင် စာတွေရေးလို့ရပါသေး ။

လတ်တလောအဆင်မပြေမှုဆိုတာ နောင်တချိန်မှာ ပြန်ပြောတိုင်း ရယ်မောစရာဟာသတစ်ခုပါ ။ အခု လောလောဆယ်တော့ မိတ်ဆွေကိုယ်စားလှယ်များအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်ချင်းစာပြီး ၊ ပြည် သူတွေရဲ့ မျက်နှာ နိုင်ငံတော်ရဲ့မျက်နှာကိုကြည့်ပြီး ဒီလွှတ်တော်ကာလလေးမှာ နည်းနည်းပါးပါး အစား အသောက် အနေအထိုင် အလုပ်အကိုင် အဆင်မပြေဖြစ်မှာလေးကို ကြည်ကြည် ဖြူဖြူ သည်းခံ လိုက်ကြ မယ်လို့ ယုံကြည်ပါတယ် ။

ပြည်ပက ပြန်လာတဲ့သူတွေတောင်မှ အဖော်မပါ ဘာမပါနဲ့ ၂၁ ရက်တောင် ကွာရန်တင်း နေရသေးတာပဲ လို့ စိတ်ကိုဖြေသိမ့်လိုက်ကြတာပေါ့ …… နော်ဗျာ ။

ကိုယ်စားလှယ်များ (SWAB) စစ်ဆေးမှုမှာ အနှုတ် (Negative) ပြနိုင်ကြပါစေ ။ ။

ထင်လင်းဦး (Wisdom Villa)
၄.၅.၂၀၂၀

Write A Comment