Breaking
Ad
Ad
Ad
Opinion

“ သူတို့ကို တန်ဖိုးထား လေးစားပေးကြပါ ”

Pinterest LinkedIn Tumblr

“ သူတို့ကို တန်ဖိုးထား လေးစားပေးကြပါ ”

…………………………………………………………

We Love Yangon စေတနာ့ဝန်ထမ်းတွေဟာ အိမ်မှာပဲနေကြပါဆိုတဲ့ မေတ္တာရပ်ခံချက်ကို လိုက်နာကြတဲ့ ပြည်သူတွေဆီကို ဆန်၊ ဆီ ၊ပဲ စတဲ့ စားနပ် ရိက္ခာတွေကို ဖြန့်ဖြူးပေးကြဖို့ ထုတ်ပိုးခြင်း ၊ ပို့ဆောင်ခြင်း စေတနာ့ ဝန်ထမ်းတာဝန်များကို ထမ်းဆောင်နေကြသူတွေပါ ။

ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူတွေ တိုးလာတဲ့အခါ (သူတို့ဟာ ကူးစက်ခံရဖို့ အခြေအနေရာခိုင်နှုန်းအလွန်နည်းပေမဲ့) စိတ်ချရစေဖို့အတွက် သူတို့တွေကို အိမ်ပြန်မလွှတ်တော့ဘဲ သင့်လျှော်ရာနေရာ တွေကို ခွဲခြမ်း နေရာချထားပေးခဲ့ရပါတယ် ။

ဒီလိုနေရာချထားပေး တဲ့အခါမှာ (We Love Yangon) စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင် မိန်း ကလေးငယ် (၇)ယောက်ကို သင်္ဃန်း ကျွန်းမြို့နယ်က ကွန်ဒိုတိုက်ခန်းတစ်ခုမှာ နေရာချထားပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမိန်းကလေးတွေကို အခန်းမှာထားဖို့ သွားရောက်ပို့ပေးတဲ့အခါ ဘေးဝန်းကျင်အခန်း တွေမှာနေတဲ့ သူ တွေက လုံးဝလက်မခံဘဲ ခါးခါးသီးသီးငြင်းဆန်ကြတာကို ရင်ဆိုင်ခဲ့ရပါတယ် ။

သူတို့ကို လိုက်ပို့ခဲ့တဲ့ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူများက အကျိုးအကြောင်းရှင်းပြပါရစေ ဆိုတာတောင် လက်မခံ ဘဲ အော်ဟစ်မောင်းထုတ်ခဲ့ကြတဲ့အဖြစ်အပျက်ဟာ စေတနာ့ဝန်ထမ်း သမီးငယ်လေးတွေ အတွက်တော့ အလွန်စိတ် အားငယ်စရာ ၊ အရှက်ရစရာပါ ။ ငါတို့ ဗော်လံတီယာလုပ်မိတာ မှားပြီလားဆိုတဲ့ အတွေးတွေ ဝင်လာ စရာ အတွေ့အကြုံဆိုးကြီးပါပဲ ။

ကိုဗစ် ၁၉ ဟာ ကုသဆေးလဲမရှိ ၊ ကာကွယ်ဆေးလဲမတွေ့သေးတဲ့ ရောဂါဆိုးပါ ။ ကမ္ဘာမှာ ကျန်းမာရေး စနစ် အကောင်းဆုံးလို့ ဆိုကြတဲ့ နိုင်ငံကြီးတွေမှာတောင်မှ ဒီကပ်ဆိုးရဲ့ အထိုးအကြိတ် အကန်အကြောက် ကို အလူးအလဲခံနေကြရတာပါ ။

ဒီအချိန်မှာ ကျန်းမာရေးစနစ်တင်မဟုတ်ဘဲ အဘက်ဘက်က အားနည်းလှတဲ့ နိုင်ငံတစ်ခုဟာ ဒီကပ် ရောဂါဆိုးကို ဘယ်လိုခုခံရင်ဆိုင်နေရပါသလဲ ။ ဘယ်လို ကာကွယ် ၊ တားဆီး ၊ ထိန်းချုပ်နေရပါသလဲ ။

ဒီရောဂါဆိုးကြီး နိုင်ငံပေါ်ကို အရိပ်ထိုးမလာခင်ကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ သက် ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများကို ဦးဆောင်ပြီး ပြည်သူနဲ့တသားတည်းရှိခဲ့တယ် ဆိုတာ နိုင်ငံသား တိုင်း သိ ကြပါတယ် ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံအတွင်း ကူးစက်ခံရသူတွေရှိလာပြီးနောက်မှာ နေ့စဉ်နဲ့အမျှ ပြည် သူ ကို အားပေးစကားပြောခြင်း ၊ မေတ္တာရပ်ခံခြင်း ၊ တိုက်တွန်းခြင်း ၊ လှုံ့ဆော်ခြင်းတွေကို ပြုလုပ်ပြီး ကိုဗစ် ၁၉ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသ လုပ်ငန်းများကို ကိုယ်တိုင်ဦးဆောင်ပါတယ် ။ ဒေသခံပြည်သူများနဲ့ စကား ပြော တယ် ။ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတယ် ။

ဒါတွေဟာ ကိုဗစ် ၁၉ ရဲ့အန္တရာယ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲ တိုက်ပွဲ ဝင်နေတယ်ဆိုတဲ့ အချက်အလက်တွေပါ ။ ဒါကြောင့်လဲ ပြည်သူအများက သူမကို ပိုမိုချစ်ခင် လေးစား အားထား ယုံကြည်မှုတွေ ပိုမိုခဲ့ကြပါတယ် ။ သူမက တစ်ခွန်းပြောလိုက်တာနဲ့ ပြည်သူအများစု က လိုက်နာ လုပ်ဆောင် ပေး နေကြတာတွေက သက်သေပါပဲ ။

အခုဆိုရင် သူကိုယ်တိုင်ဦးဆောင်ပြီး နိုင်ငံတော်အဆင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့အစည်းကိုတောင် စနစ်တကျဖွဲ့စည်းဖို့ လုပ်ဆောင်နေပါပြီ ။ ဒါဟာ နိုင်ငံတော်မှာ စေတနာ့ ဝန်ထမ်း (Volunteer)အခန်းကဏ္ဍဘယ်လောက်အရေးပါတယ်ဆိုတာ သက်သေပါ ။

ဒါပေမဲ့ အများမမြင်နိုင်တဲ့ အခြားတဖက်က တကယ့်ဖြစ်စဉ်အချို့ကတော့ အလွန်ပဲ ဝမ်းနည်းစရာ ကောင်းလှပါတယ် ။ နေရာအနှံ့အပြားမှာ ဖြစ်နေတယ်လို့ အပိုစကားမပြောပါဘူး ။ လေသံကြားနဲ့ ဖမ်းတရား နာတာမဟုတ်ပါဘူး ။ ကိုယ်တိုင်ကိုယ်ကျ သိမြင်ခဲ့ရပြီး ပါဝင်ဖြေရှင်းပေးခဲ့ရတဲ့ပြဿနာတစ်ခုနဲ့ အခုထပ်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာ တစ်ခုကိုတင်ပြပါရစေ ။

လွန်ခဲ့တဲ့ (၃)ပတ်လောက်က မြောက်ဥက္ကလာပမြို့နယ် ၊ မေဓာဝီဆေးရုံကြီးက ဆရာဝန်လေးများ ၊ သူနာပြုဆရာမလေးများကို သူတို့ငှားနေကြတဲ့ ရပ်ကွက်ထဲက အိမ်ရှင်တွေ ၊ အဆောင်တွေက မလိုလားကြလို့ ဆရာဝန်လေးများ ၊ သူနာပြုလေးများဟာ နေစရာနေရာအခက်အခဲဖြစ်နေခဲ့ကြပါတယ်လို့ ဆေးရုံက တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာဝင်း သန္တာဖြူ ဆီကနေ တဆင့်ကြားသိရပါတယ် ။ သူကိုယ်တိုင်လဲ ဖေ့စ်ဘုတ်မှာ ပို့စ် တစ်ခုကို ဝမ်းပန်းတနည်းတင်ခဲ့ပါတယ် ။ အဲဒီသတင်းရလို့သွားရောက်စုံစမ်းမေးမြန်းပြီးနောက်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားပြီး နေရာထိုင်ခင်းစီစဉ်ပေးဖို့ ပန်ကြားခဲ့ရပါတယ် ။ လမ်းပန်း ဝန်ကြီး ဒေါ်နီလာကျော်ကို ဆက်သွယ်တင်ပြခဲ့တဲ့အခါ ဝန်ကြီးက အမြန်ဆုံးစီစဉ်ပေးခဲ့ပြီး ဆရာဝန်၊ သူနာပြုများ ကို မြောက်ဥက္ကလာပမြို့နယ်က တိုက်ခန်း အိမ်ယာ သစ်တစ်ခုမှာ နေရာပေးခဲ့ရပါတယ် ။ ဒါဟာ ကိုယ်တွေ့ပါ ။

အခုဒုတိယအကြိမ် (We Love Yangon) စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင် မိန်း ကလေးငယ် (၇)ယောက်အတွက် ဒီလိုအဖြစ်မျိုး ထပ်တူဖြစ်လာရပြန်ပါတယ် ။ ဝမ်းနည်းစရာပါပဲ ။

ဆရာဝန် ၊ သူနာပြု နဲ့ ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုပါ လို့ ပြည်သူများကိုမေတ္တာရပ်ခံခဲ့တာမှာ ပြည်သူတွေက တနင်္ဂနွေနေ့ ည(၈) နာရီမှာ လက်ခုပ်တွေထွက်တီးခဲ့ကြပါတယ် ။

ဒါပေမဲ့ တကယ့်ဖြစ်စဉ်တွေမှာ အဲဒီသူတွေကို အနီးပတ်ဝန်းကျင်ကလူတွေက တကယ်လက်ခံပေးခဲ့ကြ ပါရဲ့လား ။
လက်ခုပ်သံကသပ်သပ် ၊မကြည်ဖြူမှုတွေငြိုငြင်မှုတွေက သပ်သပ်ဖြစ်နေပါသလား ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်က စေတနာ့ဝန်ထမ်း (Volunteer)တွေကို အလေးထား ဂုဏ်ပြုနေပါလျက်နဲ့ ပြည်သူထဲက ပြည်သူတချို့ဟာ ဗော်လံတီယာတွေအပေါ် မကြည်ဖြူမှုတွေ ၊ ငြိုငြင်မှုတွေ ရှိနေပါသေးသလား ။ အလွန်ဝမ်းနည်းစရာကောင်းလှပါတယ် ။

ဆရာဝန် ၊ သူနာပြု ၊ ကျန်းမာရေးဝန်ထမ်းများ နဲ့ စေတနာ့ဝန်ထမ်း (Volunteer)များလဲ အသက်တစ်ခုပဲ ရှိတာမို့ သူတို့လဲ ဗိုင်းရပ်ပိုးကူးစက်ခံရမှာ သေမှာကြောက်ကြပါတယ် ။ ဒီနေရာမှာ ထပ်ဖြည့်ချင်တာက စည်ပင်ဝန်ထမ်းလေးတွေပါ ။ သူတို့ဟာလဲ မမြင်ရတဲ့ ဗိုင်းရပ်ပိုးကို ကြောက်ကြောက်နဲ့ပဲ စောင့်ကြည့် ဌာန (Quarantine) များနဲ့ ဆေးရုံများက စွန့်ပစ်ပစ္စည်းတွေကို သိမ်းဆည်းပေးနေကြရှာတာပါ ။ သူတို့လဲ သေမှာ ကြောက်ကြတာပါပဲ ။

ဒါပေမဲ့ သူတို့တွေဟာ အများပြည်သူတွေရဲ့ အကျိုးအတွက် ၊ နိုင်ငံ့အရေးအတွက်မို့ ကိုရိုနာဗိုင်းရပ်ကို မကြောက်နိုင် အသက်ကိုမငဲ့နိုင်ဘဲ အန္တရာယ်နဲ့ ရင်ဆိုင် ရှေ့တန်းထွက်ပြီး တာဝန်ထမ်းဆောင်နေကြသူတွေပါ ။ သူတို့ကို လက်ခုပ်တီး ဂုဏ်ပြုပေးပါ ။ သူတို့ကို ကိုယ့်မိသားစု ကိုယ့်သားသမီး ညီအကို မောင်နှမများ သဖွယ် ကြည်ဖြူ ပေးကြပါ ။ စိုးရိမ်မှုကြောင့် သူတို့ အနားမကပ်ချင်ရင်တောင်မှ ၊ ကိုယ့်အနားကို မကပ်စေချင်ရင် တောင် မှ တနေကုန်ပင်ပန်းလာရှာက အန္တရာယ်နဲ့ ရင်ဆိုင်လာကြရတဲ့ သူတို့လေး ကျောချ အိပ်စက်နားနေစရာ နေရာ တွေ ကိုတော့ မငြင်းပယ်ကြပါနဲ့လား ။ မငြိုငြင်ကြ ၊ မပစ်ပယ်ကြပါနဲ့လား ။

ပြည်သူ့ကျန်းမာရေးအတွက် အကြောက်တရားကို ကြိတ်မှိတ်မျိုသိပ်ပြီး အသက်ကိုမငဲ့ ရှေ့တန်းထွက်သူများကို
လက်တွေ့ တန်ဖိုးထား လေးစားပေးကြပါလားဗျာ ။ ။

ထင်လင်းဦး (Wisdom Villa)
27.4.2020

Write A Comment