Breaking
Ad
Ad
Ad
Opinion

မြက်ရှစ်ထုံး၊မင်းသားတစ်ယောက်နဲ့ဆူးပေါက်

Pinterest LinkedIn Tumblr

မြက်ရှစ်ထုံး၊မင်းသားတစ်ယောက်နဲ့ဆူးပေါက်
==================================
ဟိုးရှေးရှေးတုန်းကပေါ့ဗျာ။ ဟုတ်တယ်လေ ဘယ်ခေတ် ဘယ်အခါ ကမှန်း အသေအချာ မပြောနိုင်တော့ လည်း ဟိုးရှေးရှေးတုန်းကပဲ လုပ်ရ တော့မှာပေါ့။ တိုင်းပြည်မသိရင် ဗာရာ ဏသီ၊ မင်းဘုရင်ကို မသိရင် ဗြဟ်္မဒတ် ဆိုသလိုပဲ ကာလမသိရင် ရှေးသရော အခါကလို့ ဆိုသမို့လားခင်ဗျ။


အဲဒီ ဟိုးရှေးရှေးတုန်းက တိုင်း ပြည်တစ်ပြည်က မင်းသားတစ်ပါးဟာ တက်္ကသီလာပြည် ဒိသာပါမောက်္ခဆရာ ကြီးထံမှာ ပညာသင်ယူရာက အချိန် ကျတဲ့အခါ ဇာတိဌာန တိုင်းပြည်ကိုပြန် လာခဲ့ပါသတဲ့။ အဲဒီလိုပြန်အလာ လမ်း ခရီးတစ်ထောက်ရောက်တော့ အလွန် အမျိုးကောင်းသန်စွမ်းလှတဲ့ မြက်ခင်း တစ်ခုကိုရောက်တဲ့အခါ အတွေးတစ်ခု ဖြစ်လာပါသတဲ့။ အဲဒီအတွေးကတော့ “ငါတို့တိုင်းပြည်မှာ ဒီလိုအမျိုးအစား ကောင်းလှတဲ့ မြက်မျိုးမရှိဘူး။ ဒီမြက် တွေကို အမြစ်ပါနှုတ်ပြီးယူသွားပြီး စိုက်ထား၊ မြက်ခင်းကြီးဖြစ်လာတော့မှ မြက်ရိတ်ပြီး ရောင်းစားရင် စီးပွားဖြစ် မှာပဲ”တဲ့။ အင်း ဒီမင်းသားရဲ့ တိုင်း ပြည်က မြက်ကောင်းကောင်းတောင် မပေါက်တဲ့ တိုင်းပြည်လား။ ဒါမှ မဟုတ် ဒီမင်းသားကပဲ စီးပွားရေးအမြင် ထက်သန်စူးရှလွန်းတာလားတော့ မသိ ပါဘူး။


သလိုနဲ့ပေါ့လေ။ မင်းသားဟာ ခါးတောင်းမြှောင်အောင်ကျိုက်ပြီး မြက်ခင်းစပ်ကိုဆင်း၊ မြက်ပင်တွေကို အမြစ်ပါအောင်နှုတ်ယူ။ အနေတော် အလောတော် အထုံးတွေထုံးနဲ့ မြက်ထုံး ရှစ်ထုံးရတော့ “ဒီလောက်ဆိုရင်တော့ တော်လောက်ပြီ။ ဒီထဲကတချို့ အပင် ပြန်ပေါက်ရင်တောင် မကြာခင် မြက် ခင်းကြီးဖြစ်လာမှာ” လို့တွေးပြီး ဝါး တစ်လုံးရှာသတဲ့။ ထမ်းလို့အဆင်ပြေ လောက်တဲ့ ဝါးလုံးကိုရတော့ မြက်ရှစ် ထုံးကို တစ်ဖက်စွန်းမှာချိတ်ပြီး ထမ်း ယူလာသတဲ့။ ဟန်ချက်ကမညီ အနောက် ကလေးနေတော့ ဝါးလုံးကို လက်နှစ် ဖက်နဲ့ချိတ်ပြီး ဟန်ချက်မျှအောင်လုပ် ပြီး ထမ်းလာရတာပေါ့။ ဝါးလုံးအစွန်း မှာ မြက်ရှစ်ထုံးချိတ်ပြီး ကုန်းကုန်းကိုင်း ကိုင်းနဲ့ထမ်းလာတဲ့ မင်းသားပညာရှိကို မြင်ယောင်သာ ကြည့်ကြပေရော့ခင်ဗျာ။


ဒီလိုနဲ့ကလည်း ကြာကြာမဖြစ် လေတော့ မြက်ရှစ်ထုံးနဲ့ အလေးချိန်ညီ မယ့် ခဲတစ်လုံးကိုရှာ၊ ထမ်းပိုးဝါးရဲ့ အစွန်းတစ်ဖက်မှာ ကြိုးနဲ့ချည်သတဲ့။ ကြိုးကဘယ်ကရလဲတော့ မသိတော့ ပါဘူး။ ပြီးတော့မှ ထမ်းကြည့်တော့ ထမ်းရတာအဆင်ပြေပေမယ့် အတော် ကို လေးနေတော့တာပေါ့။ ဒါပေမဲ့ အဲဒီအတိုင်းပဲ ချွေးတစ်လုံးလုံးနဲ့ ဆက် ထမ်းလာလိုက်တာ ဇရပ်တစ်ဆောင်ကို ရောက်လာတဲ့အထိပဲတဲ့။ လမ်းနံဘေး မှာ ဇရပ်ကိုမြင်တော့ “အင်း ငါလည်း မောလှပန်းလှပြီ။ ဇရပ်ထဲခဏတော့ နားဦးမှ” လို့တွေးပြီး ဇရပ်ဆီကိုတက် သွား။ အထမ်းကိုချပြီး ခြေပစ်လက် ပစ် လှဲချလိုက်သတဲ့။


အဲဒီလို သူတက်သွားတဲ့အခါ ဇရပ်ထဲမှာ အိပ်နေတဲ့လူတစ်ယောက် ရှိသတဲ့။ သူ့ခြေသံကြားတော့ လန့်နိုး ပြီးကြည့်လိုက်တော့ မထော်မနမ်းလုပ် လာတဲ့ မင်းသားကိုမြင်သပေါ့။ အဲဒီ တော့ “ဒီကနောင်ကြီးက ဘယ်ကလာ လို့ ဘယ်များသွားမလို့ပါလဲ” လို့ မေး ဆိုကိုး။


အဲဒီအခါ မင်းသားက သူဟာ တက်္ကသိုလ်ပြည်မှာ ပညာသင်ကြားလာ ခဲ့တဲ့ မင်းသားတစ်ပါးဖြစ်ကြောင်း၊ ပညာစုံလို့ တိုင်းပြည်ကိုပြန်လာတာဖြစ် ကြောင်း ပြန်ဖြေသာပေါ့။ အဲဒီအခါ ဇရပ်ပေါ်ကလူက “အသင်မင်းသား မြက်ထုံးများကတစ်ဖက်၊ ကျောက်တုံး ကတစ်ဖက် ထမ်းလာတာမြင်တော့ ကျွန်ုပ်မှာသိချင်တာလေးရှိလို့ မေးပါ ရစေ” လို့ စကားခံပြီးမှ “မင်းသားဖြစ် လျက်နဲ့ ဘာကြောင့် မြက်တွေကိုသယ် လာပါသလဲ”လို့ မေးတာကိုး။ အဲဒီ အခါ မင်းသားက မြက်စိုက်ပြီးရောင်း စားမယ့် သူ့ရဲ့ စီးပွားရေးမဟာစီမံကိန်း ကြီးကို ပြောပြတာပေါ့။ အဲဒီ အဖြေကို ကြားတော့ ဇရပ်ပေါ်ကလူက မင်းသား ရဲ့ အလွန်ကြီးကျယ်လှတဲ့ စီးပွားရေး အမြင်ကို တအံ့တသြနဲ့ ခေါင်းလေး တဆတ်ဆတ်နဲ့ပေါ့။ ဒါပေမဲ့ သူ့ရဲ့အံ့သြမှုက မကုန် သေးဘူးလေ။ မင်းသားက မြက်တွေ ထမ်းလာတာတော့ စီးပွားရေးအရ ဟုတ်ပါပြီ ။ ဒါပေမဲ့ ကျောက်တုံးကြီးကို ကြိုးနဲ့ချည်ပြီး ထမ်းလာတာကိုတော့ သူစဉ်းစားလို့မရသေးဘူးကိုး။ အဲဒါနဲ့ပဲ “မြက်တွေကိုထမ်းလာတဲ့ အကြောင်း ရင်းကိုတော့သိရပါပြီ အသင်မင်းသား။ သို့ပေမဲ့ ဒီကျောက်တုံးကြီးကိုကော ဘာဖြစ်လို့ ချည်ပြီးထမ်းလာပါသလဲ။ မင်းသားတို့တိုင်းပြည်မှာ ကျောက်တုံး မရှိလို့လား။ ဒါမှမဟုတ် မင်းသားသင် လာတဲ့ပညာတွေထဲမှာ ကျောက်မျက် ရတနာတွေကို မြင်ရုံနဲ့သိတဲ့ အတတ် ပညာပါလို့ ဒီကျောက်တုံးဟာ အဖိုးတန်ရတနာကျောက်တုံးကြီးမှန်းသိနေ လို့လား”လို့ ထပ်မေးပြန်တာပေါ့။ အဲဒီ အခါကျတော့ မင်းသားက အဖိုးတန် ကျောက်တုံးမဟုတ်ဘဲ သာမန်ကျောက် တုံးသာဖြစ်ကြောင်း။ ဝါးလုံးမှာ မြက် ရှစ်ထုံးကို တစ်ဖက်တည်းချိတ်ပြီးထမ်း တော့ ဟန်ချက်မညီတာနဲ့ ညီအောင် လို့ ကျောက်တုံးကိုချည်ပြီး ထမ်းလာ တာဖြစ်ကြောင်း ပြောပြသတဲ့။


မင်းသားရဲ့ အဖြေစကားကိုလည်း ကြားရော ဇရပ်ပေါ်ကလူက တအံ့ တသြ ဖြစ်သွားတာပေါ့။ အဲဒါနဲ့ မင်း သားကို “အသင်မင်းသား ကျောက်တုံး ကို မထမ်းရဘဲ မြက်ရှစ်ထုံးကို ဟန် ချက်ညီအောင် ထမ်းနိုင်ဖို့ ကျွန်ုပ်က အကြံပေးပါရစေလား”လို့ ဆိုတာပေါ့။ မင်းသားဆိုတော့လည်း သူ့ခမျာ မရယ် ရဲ မဟားရဲဘူးထင်ပါ့။ မင်းသားက “ကောင်းပါပြီ သင့်ရဲ့အကြံက ဘယ်လို တုန်း”ဆိုတော့မှ “မြက်ရှစ်ထုံးကို လေး ထုံးစီခွဲပြီး ဝါးလုံးရဲ့ အစွန်းတစ်ဖက်စီမှာ ချိတ်ပြီးထမ်းရင် ဟန်ချက်ညီသွားမှာ ပေါ့။ အဲဒါဆို ကျောက်တုံးမလိုတော့ ဘူးပေါ့” လို့ အကြံပေးသတဲ့။


သည်စကားကြားတဲ့အခါ မင်း သားက ထိုင်ရာကထပြီး ထမ်းပိုးက ကျောက်တုံးကိုဖြုတ်လိုက်တယ်။ ပြီး တော့ မြက်လေးထုံးစီကို ဝါးလုံးအစွန်း တစ်ဖက်စီမှာချိတ်တယ်။ ပြီးမှ ထမ်း ကြည့်တဲ့အခါ ဟန်ချက်လည်းညီ။ အစောကထက်လည်း ပေါ့သွားတာကို တွေ့ရတာပေါ့။ အဲဒီတော့မှ သူ အလေးခံပြီး ထမ်းလာခဲ့တဲ့ ကျောက် တုံးကို စိတ်နာနာနဲ့ လွှင့်ပစ်လိုက်သ တဲ့။ ပြီးမှ ဇရပ်ပေါ်ကလူကို လှည့် ကြည့်ပြီး “မိတ်ဆွေ သင်ဟာ အလွန် ပညာရှိပေတယ်၊ ငါ့လို တက်္ကသိုလ် ပြည်မှာ ပညာသင်လာတဲ့ မင်းသား တောင် မစဉ်းစားမိတာကို သင်က ချက်ချင်းစဉ်းစားနိုင်တယ်။ သင်က ဘယ်တိုင်းပြည်ကမင်းသားလဲ၊ ဘယ် တက်္ကသိုလ်က ဘယ်ပညာရှိထံမှာများ ပညာသင်ခဲ့ပါသလဲ”လို့ မေးသတဲ့။ မြက်ရှစ်ထုံးကို လေးထုံးစီ ရှေ့နောက် ခွဲထမ်းတာကို နောက်ထပ် တက်္ကသိုလ် တက်ပြီး သင်ချင်သေးထင်ပါ့။


အဲဒီအခါ ဇရပ်ပေါ်ကလူက “ကျွန်ုပ်က ဘယ်တိုင်းပြည်က မင်း သားမှမဟုတ်ပါဘူး။ ဘယ်တက်္ကသိုလ် မှာမှလည်း ပညာမသင်ဖူးပါဘူး။ ကျွန်တော်က သာမန်လက်လုပ်လက် စား ဆင်းရဲသား အရပ်သားတစ် ယောက်ပါ” လို့ ဆိုသတဲ့။


သူ့ရဲ့အဖြေစကားကြားရတော့ မင်းသားက မျက်နှာပျက်သွားသတဲ့။ မျက်မှောင်ကြီးကြုတ်ပြီး ခဏလောက် တွေတွေကြီးနေပြီးမှ ထမ်းပိုးအစွန်းတစ် ဖက်က မြက်ထုံးလေးထုံးကိုပြန်ဖြုတ်၊ တစ်ဖက်တည်းမှာပြန်ချိတ်။ ပြီးတော့ သူလွှင့်ပစ်ခဲ့တဲ့ ကျောက်တုံးကို သွား ပြန်ကောက်။ လွတ်နေတဲ့ ဝါးလုံးအစွန်း မှာ ပြန်ချိတ်ပြီး ကောက်ထမ်းသတဲ့။ ဒါကိုမြင်တော့ ဇရပ်ပေါ်ကလူက အံ့သြတကြီးနဲ့ “အသင်မင်းသား စော စောကလို ခွဲထမ်းတာ အဆင်ပြေလျက် သားနဲ့ ဘာလို့ အရင်လိုပဲ ပြန်ထမ်းရတာ လဲ”လို့ မေးတာပေါ့။


အဲဒီအခါ မင်းသားက လှည့် တောင် မကြည့်ဘဲနဲ့ ဖြေသတဲ့။ “ငါက တိုင်းပြည်မှာ မကြာခင်ဘုရင်ဖြစ်မယ့် သူ၊ သင့်လို လက်လုပ်လက်စား သာမန် အရပ်သား ဆင်းရဲသားတစ်ယောက်ရဲ့ အကြံဉာဏ်ကို လက်ခံနားထောင်စရာ လား”လို့ဖြေသတဲ့။ ပြီးတော့မှ ကျောက် တုံးတစ်ဖက်၊ မြက်ထုံးတစ်ဖက် ဝါး လုံးကို ကုန်းကုန်းကိုင်းကိုင်းနဲ့ ထမ်းပြီး ဒေါသတကြီးနဲ့ ထွက်သွားပါသတဲ့။


ဒါကတော့ ငယ်ငယ်တုန်းက ကြားခဲ့ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ ဒီပုံပြင်လေးကို ပြန်စဉ်းစားမိတိုင်း ဟုတ်တဲ့အကြံ၊ မှန်တဲ့အတွေးနဲ့ အကြံ ကောင်း ဉာဏ်ကောင်းပေးတဲ့သူက ပေးတာတောင်မှ ဆင်းရဲသားဆီက အကြံဉာဏ်မို့ မယူနိုင်ဘူးဆိုပြီး တလွဲ စိတ်၊ တလွဲမာန်တွေက ငယ်ထိပ်ရောက် နေလေတော့ ကျောက်တုံးပါ အလေးခံ ထမ်းရရှာတဲ့ မင်းသားကို အတော်ကြီး ကို သနားမိပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၀ ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ပြည်ထောင်စုလွှတ် တော်မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းများ အပေါ် လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။ အဲဒီ အစီရင်ခံ စာမှာ တပ်တော်သားကိုယ်စားလှယ် နှစ်ဦးတို့က တင်သွင်းထားတဲ့ ဥပဒေ မူကြမ်း(၂)ခု၊ ကြံ့ခိုင်ရေးပါတီ ကိုယ် စားလှယ်များက တင်သွင်းထားတဲ့ ဥပဒေမူကြမ်း(၃)ခု၊ (၄၅)ဦး ပူးပေါင်း ကော်မတီလို့ခေါ်ကြတဲ့ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ကိုယ် စား ကော်မတီဥက်္ကဋ္ဌက တင်သွင်းလာ တဲ့ ဥပဒေမူကြမ်း(၂)စောင်တို့က ပြင် ဆင်ချက်များကို ပေါင်းစည်းပြီး တစ် ပေါင်းတည်းဆွေးနွေးဖို့ ဥပဒေကြမ်း လေ့လာစိစစ်ရေးကော်မတီက ပြည် ထောင်စုလွှတ်တော်မှာ တင်သွင်းလာတဲ့ အပေါ်မှာ သီးခြားဥပဒေကြမ်းတစ်ခု ချင်းစီသာဆွေးနွေးဖို့ မတ်တပ်ရပ် ကန့် ကွက်ခဲ့ကြတာကို လွှတ်တော်ချန်နယ်မှာ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာ လည်း (၄၅)ဦးကော်မတီက တင်သွင်း လာတဲ့ ပြင်ဆင်ချက်တွေဆိုတာ ြီူ ရဲ့သဘောထားတွေပဲ။ ြီူ က သူ တို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း မှာပါတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့လုပ်တယ်ဆိုတဲ့ ငာေါန ကို ယူတာ။ အခြားပါတီတွေ အဖွဲ့အစည်း တွေက တင်သွင်းထားတဲ့ ဥပဒေကြမ်း တွေကို သူတို့ရဲ့ (၄၅) ဦးအောက်ထဲမှာ ထည့်သွင်းပြီးတော့ ပျောက်သွားအောင် လုပ်တဲ့သဘောဖြစ်နေတယ်။ (၄၅)ဦး ကော်မတီက တက်လာတဲ့ပြင်ဆင်ချက် ဥပဒေတွေဟာ ြီူ ပါတီက မူလ သူတို့ရဲ့အကြံပြုချက်မှာပါတဲ့ (၁၁၄)ချက်ပဲဖြစ်တယ်။ ၄၅ ဦး ကော်မတီက တက်လာတာတွေဟာ ြီူ ရဲ့ပြင် ဆင်ချက်တွေပဲဖြစ်တယ်။ ဖွဲ့စည်းပုံ ပြင်ဆင်တာကို သူတို့ပါတီကပဲ လုပ် တယ်ဆိုတဲ့သဘောယူထားတာ” လို့ ပြောတဲ့အသံတွေကိုလည်း သတင်းတွေ မှာ နားထောင်ခဲ့ရပါတယ်။ အဲဒီလို ကြားရတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးက တော့ လေဖိအားနည်းရပ်ဝန်းတော့ စပြီလို့ တွေးမိသဗျ။


ဒီသတင်းတွေ နားထောင်ပြီး ည အိပ်ရာဝင်တဲ့အခါ မောင်ဆူးပေါက် အိပ်မက်မက်တယ်ခင်ဗျ။ အိပ်မက်က လန့်နိုးတော့ မောင်ဆူးပေါက်မှာ ချွေး တွေသံတွေတလုံးလုံးနဲ့ မောလို့ပါ။ ဘာမက်လို့တုံးဆိုတော့ မနက်က စဉ်း စားနေမိတဲ့ ပုံပြင်ထဲက မင်းသားပေါ့။ ကျောက်တုံးကြီးကိုပြန်ကောက် မြက် ရှစ်ထုံးကို တစ်ဖက်ချိတ်၊ ကျောက်တုံး ကြီးတစ်ဖက်ချိတ်ပြီး ထမ်းလာနေတဲ့ မင်းသားက မောင်ဆူးပေါက်ကို အိပ် မက်ထဲမှာ ရောက်လာပြီး မင်းပြောတိုင်း ငါက လိုက်လုပ်ရမှာလားလို့ ဒေါကြီး မောကြီးနဲ့ အော်ငေါက်နေလို့ဗျာ။


ဆူးပေါက်

Write A Comment